အိမ်ကိုလွမ်းတယ်အမေ
အမေရေ...
ဌာနေလို့တွေးမိရုံနဲ့
လွမ်းစရာတွေ ခိုလှုံရာမြေ
မနက်ကနေ နေဝင်အထိ
အဝေးကနေ လွမ်းမိတယ်
အမေရေ...
အိမ်ပြန်ချင်တယ်
သမီး အိမ်ပြန်ချင်တယ်
အစာရှာငှက်ကလေးတွေ ညနေအိမ်ပြန်သလို
ကြယ်ကလေးတွေ
ကောင်းကင်ကိုတွယ်ဖက်ထားသလို
အရင်ကလို စိတ်ချယုံကြည်ခြင်းမျိုးနဲ့
အမေ့ရင်ခွင်ကို လွမ်းတယ် ။
အမေရေ...
ဒီအဝေးနေရာမှာ
ဌာနေကလွမ်းစရာတွေ သယ်လာခွင့်မရှိ
အမေ့ရင်ခွင်လောက် နွေးထွေးမှုမပြည့်
အိမ်ဆိုတဲ့အသိနဲ့တောင်
နွေးထွေးသွားတတ်တဲ့အဖြစ်မျိုး
ဘယ်အရပ်ကအရိပ်တွေကများ
ဖန်ဆင်းပေးနိုင်ပါ့မလဲအမေ
အမေရေ...
နေရာအသစ်တွေက
အစားအသောက်ဘယ်လောက်ကောင်းကောင်း
အမေ့ဟင်းတွေ ပလုက်ပလောင်းစားရတာလောက်
မမြိန်ခဲ့ြကဘူးအမေ
မိုးရွာရင်လေ
ဘယ်အမိုးအောက်နေနေ
ကိုယ့်အိမ်ကိုယ့်မြေလောက်
လုံခြုံတယ်မထင်ခဲ့ရဘူး အမေ
အမေရေ...
အိမ်ဆိုတာ သက်မဲ့ပေမယ့်
အိမ်သားတွေရဲ့နှလုံးသားကိုများ
ဖမ်းဆုပ်ထားနိုင်ခဲ့သလားအမေ
ဘယ်အရပ်မှာ နေနေ
ဘယ်ရေကို သောက်သောက်
ဘယ်ရောက်လို့ သွားသွား
အိမ်ကိုမလွမ်းဘူးလား အမေးခံရရင်
နှလုံးသားမှာ ငိုချင်လာတယ်အမေ ။ ။
BETA
No comments:
Post a Comment