Sunday, June 12, 2022

မြေနိမ့်ရပ်ဝန်း
-----------

လောကဓံက 
မျက်နှာဖုံးစွပ်ထားတဲ့ လောင်းကစားနဲ့ တူတယ် မေမေ။
သမီးကို အနိုင်‌ပေးမလိုနဲ့
အရှုံးချည်းပဲ ရလိုက်တယ်။

မှန်တဲ့ရပ်ဝန်းလား
မှားတဲ့ရပ်ဝန်းလား
သမီးဦးနှောက်သေးသေးလေးနဲ့ မသတ်မှတ်ဝံ့ဘူး။
သေချာတာ တစ်ခုကတော့
မြေနိမ့်ရပ်ဝန်းမှာ သမီး တည်ရှိနေပါတယ်။

လူတွေက
ထိုးနှက်ချက်မျိုးစုံနဲ့ လှံစိုက်ကြတယ်။
ဝိုင်းထိုးတဲ့ စကားလုံးလှံတွေအောက် 
မမှားပဲနဲ့ ခေါင်းငုံ့ခံခဲ့ရတယ် မေမေ။

သမီး မြေနိမ့်ရပ်ဝန်းလေး
အခါခါ နာကျင်နေရတာ ကြာပေါ့။

ဒီလိုနဲ့ပဲ
သမီး မြေနိမ့်ရပ်ဝန်းလေး
ဒဏ်ရာတွေနဲ့ မာကျောခဲ့ရတယ်။

မြေနိမ့်ရာရပ်ဝန်းမှာ
တည်ရှိနေတဲ့ မေမေ့သမီးက
ကိုယ့်ကိုယ်ကိုယ် မြေနိမ့်သူလို့ 
ဂုဏ်ယူပစ်လိုက်တယ်။
အဆင်ပြေတယ် မဟုတ်လား ... မေမေ။

တစ်ခါ တစ်ခါ 
နာကျည်းစိတ်‌တွေများလာရင်
လောကကြီးကို မြေလှန်ပစ်လိုက်မယ်နော်ဆိုပြီး
ခွန်အားသေးသေးလေးနဲ့ ကြုံးဝါးတတ်သေးတယ်။

အဆင်မပြေတဲ့ မိသားစုကနေ
ဆယ်ကျော်သက်အရွယ်မှာကတည်းက
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့ 
လောကလမ်းကြောင်းပေါ် လျှောက်လှမ်းတဲ့အခါ
အနောက်မှာ လှည့်ကြည့်စရာဆိုလို့ 
သမီးကလွဲပြီး သမီးပဲရှိတဲ့အတွက် 
တောက်ပသူတွေကြားထဲမှာ 
သိမ်ငယ်မိတယ်။
အားငယ်မိတယ်။
အလိုလိုနေရင်း ခြေတစ်လှမ်းနောက်ဆုတ်ပေးမိတယ် မေမေ။
ကိုယ့်မှေးမှိန်မူနဲ့ ကိုယ့်ကျောထောက်နောက်ခံ 
အခြေအနေကို အသိဆုံးပါ မေမေရယ်...။
ဒီလိုလူမျိုးအတွက် ကမ်းလင့်ဖို့လက်တွေ မရှိဘူး မေမေရဲ့..။

အသက်ရှုခက်ခဲ့တဲ့ အချိန်တွေတိုင်း
ဗုဒ္ဓမျက်နှာတော်ကို ကြည့်ပြီး
အသက်ရှုချောင်အောင် ဆောက်တည်ခဲ့ရတယ်။
နဖူးက နာကျင်လွန်းပါတယ်လို့ သိလိုက်တော့
ကြမ်းပြင်မှာ
ဗုဒ္ဓဟောကြားခဲ့တဲ့ ပင်လယ်သမုဒ္ဒရာအိုင်လေးက
ရွှဲရွှဲစိုလို့...။

ချမ်းသာတာဆိုလို့ ကဗျာမမြောက်တဲ့ ဒီစာလုံးလေးတွေပဲ ရှိတာပါ မေမေ။

 
ထိုးနှက်ချင်သူတွေ
ထိုးနှက်ကြပါ‌စေတော့ကွယ်...။

ကိုယ့်ကိုယ်ကိုယ် မြေနိမ့်ရပ်ဝန်းလို့ ခံယူတာ
အဆင်ပြေတယ် မဟုတ်လား .... မေမေ ။ 

                                            ဆုလာဘ်

2 comments:

  1. မိမိကိုယ်ကိုနိမ်ချခြင်းဟာလည်းမင်ဂလာတစ်ပါးပါ။

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...