နေ့မြင်ညဖျောက်ခံရတဲ့ သူရဲကောင်းတို့ဝိဥာဥ်
—People's Spring
ဗိုလ်တထောင် မြို့နယ် ၅၄ လမ်းထဲ မောင်းဝင်လာတဲ့ စစ်ကား ၃ စီး ဟာ အထပ်မြင့်တိုက်တစ်လုံးရှေ့မှာ ရပ်လိုက်ပြီး ၇ လွှာမှာနေတဲ့ကိုဘုန်းမြင့်အောင်တို့ သားအဖ ၂ ဦးကို ဆွဲခေါ်ချသွားပါတယ်။
ဒီမြင်ကွင်းဟာ လမ်းထဲနေသူတွေ ကိုဘုန်းမြင့်အောင်ကို နောက်ဆုံးမြင်တွေ့လိုက်ရတာပါ ပဲ။
နောက်တစ်ရက်မှာတော့ ကိုဘုန်းမြင့်အောင်ရဲ့နာရေးဆိုင်းဘုတ်ကိုသာ တိုက်ရှေ့မှာ တွေ့ရပါတော့တယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုဘုန်းမြင့်အောင်တို့ သားအဖကို ဖမ်းသွားပြီး ညပိုင်းမှာ အဖေကိုပြန်လွှတ်ပေးပေမယ့် နောက်နေ့မှာ ကိုဘုန်းမြင့်အောင် ဆုံးသွားပြီဆိုတဲ့သတင်း မိသားစုထံရောက်လာခဲ့တာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုဘုန်းမြင့်အောင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ စစ်ကြောရေးမှာကျဆုံးသွားခဲ့ရတာပါ။
ကိုဘုန်းမြင့်အောင်လို စစ်ကြောရေးမှာ ကျဆုံးသွားသူဦးရေဟာ အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာလ ၂၃ ရက်အထိ ၁၆၁ ဦးထိရှိနေပါတယ်။
ဒီစာရင်းဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း က လက်လှမ်းမီသလောက်ပြုစုထားတာပါ။
လက်ရှိ နိုဝင်ဘာလထဲမှာတင် စစ်ကြောရေးမှာ ကျဆုံးသူဟာ ၁၀ ဦးထိရှိနေပြီး အဲထဲမှာ CDM ကျောင်းဆရာတွေ၊ လိုချင်တဲ့သူမရလို့ ဓားစာခံအဖြစ် ဖမ်းခံရသူတွေ၊ လူငယ်လူရွယ်တွေပါ ပါတယ်။
စစ်ကြောရေးကို မကျော်ဖြတ်နိုင်ဘဲသေဆုံးရတာတွေဟာ လူမဆန်အောင်ရက်စက်ကြမ်းကြုတ်နှိပ်စက်မှုဒဏ်ကြောင့်ပဲလို့ စစ်ကြောရေးကိုဖြတ်သန်းလာခဲ့သူတိုင်းက အတိအလင်းပြောကြပါတယ်။
ဒါကြောင့်လည်း စစ်ကြောရေးဟာ ငရဲခန်းလိုပဲလို့ သတ်မှတ်ကြတာပါ။
အဲဒီငရဲခန်းကိုဖြတ်သန်းခဲ့ရသူတွေထဲ သီတင်းကျွတ်ကာလက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်ထောင်က ပြန်လွတ်လာတဲ့ အသက် ၂၀ အရွယ် ကိုဟိန်း(အမည်လွှဲ)လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
ကိုဟိန်းဟာ ဧပြီလအတွင်းရန်ကုန်မှာ ဖမ်းခံခဲ့ရတာပါ။
အဖမ်းခံရတဲ့ညက စစ်ခံရချိန်မှာ ကိုဟိန်းကို ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ခိုင်းထားပြီး နံဘေးဘက်တွေကို ဘောလုံးတစ်လုံးလို ဝိုင်းကန်ကြသလို ဦးခေါင်းကိုလည်း စစ်ဖိနပ်နဲ့ မကြာခဏ စောင့်နင်းခံခဲ့ရပါတယ်။
"ခေါင်းကိုစောင့်နင်းချလိုက်တာ မျက်ခုံးကွဲတယ် နှာရိုးကျိုးသွားတယ်" လို့ကိုဟိန်းကပြောပါတယ်။
စစ်ကြောရေး ကိုဖြတ်သန်းလာသူတွေရဲ့ပြောပြချက်တွေအရ ညှင်းပန်းနှိပ်စက်သူတွေဟာအရက်သေစာသောက်စားထားကြတယ်လို့ ဆိုပါတယ်။
ကိုဟိန်းကလည်း သူ့ကိုရိုက်နှက်သူ့ဆီကနေ အရက်နံ့ရတယ်လို့ ပြောပါတယ်။
ဒီအချက်ကို ဖမ်းဆီးခံရပြီးလွတ်မြောက်လာတဲ့ မြိတ်မြို့ က DVB သတင်းထောက် ကိုအောင်ကျော်ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားချက်မှာလည်းတွေ့ရပါတယ်။
သတင်းထောက် ကိုအောင်ကျော်ဟာ မတ်လတုန်းက ဖမ်းခံရတာဖြစ်ပါတယ်။ သူ့ကို ဖမ်းခေါ်သွားတဲ့ တပ်ထဲမှာ နှိပ်စက်မှုကို ဦးဆောင်သူက ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပြီး အရက်အလွန့်အကျွံ့မူးနေတာကိုသတိထားမိခဲ့တယ်လို့ ကိုအောင်ကျော်က ရေးထားပါတယ်။
အဲဒီသူက ခေါင်းကို ကြွပ်ကြွပ်အိတ်စွပ်ပြီး အသက်ရှုမရအောင် နှိပ်စက်ခဲ့တယ်လို့ ကိုအောင်ကျော်က ခါးသီးတဲ့အတွေ့အကြုံကို ပြန်မျှဝေထားပါတယ်။
ရိုက်နှက်၊ ညှင်းပန်းတာတွေအပြင် သေနတ်နဲ့ နားထင်ထောက်ပြီး စစ်ဆေးတာမျိုးလည်းရှိပါသေးတယ်။
ဒါကို အင်းစိန်ထောင်က လွတ်မြောက်သွားတဲ့ ဂျပန်သတင်းထောက် ယူကီခီတာဇုမိက ဂျပန်ကိုပြန်ရောက်ချိန်မှာ မီဒီယာကိုဖွင့်ချခဲ့တာပါ။
အင်းစိန်ထောင်မှာ ယူကီခိတာဇုမိကို သတင်းထောက်မှန်းသိသွားသူတွေက စစ်ကြောရေးရဲ့ ရက်စက်ပုံတွေ ကမ္ဘာကသိအောင် လုပ်ပေးဖို့ လာပြောကြတာရှိပါတယ်။
"တစ်ယောက်ဆိုရင် မင်းသေနတ်ယူမလား ဓားယူမလားမေးခိုင်းတယ် သေနတ်ကိုရွေးတဲ့အခါ သေနတ်နဲ့ နားထင်ကိုထောက်ပြီး မေးတယ်" လို့ ဂျပန်သတင်းထောက်က ထောင်ထဲမှာ ကြုံခဲ့ရသူတစ်ဦးရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
လိုချင်တဲ့အဖြေမရမချင်း နာရီပေါင်းများစွာ နှိပ်စက်ညှင်းပန်းစစ်ဆေးတာကိုခံခဲ့ရသူတွေရှိတယ်လို့ သိရပါတယ်။
ဒီလို ညှင်းပန်းမှုတွေကြောင့် သေသွားတဲ့အခါမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ လက်ချက် ကြောင့်မဟုတ်ဘဲ ရောဂါအခံကြောင့်လို့အကြောင်းပြချက်ပေးတာမျိုးလည်းရှိပါတယ်။
သပိတ်ကျင်း၊ မြင်သာကျေးရွာက အသက် ၄၀ အရွယ် CDM ကျောင်းဆရာ ဦးဇော်မြင့်အောင် ဟာ ဖမ်းခံရပြီး နာရီပိုင်းအတွင်း စစ်ကြောရေးမှာ ကျဆုံးချိန်က နှလုံးရပ်ပြီး ဆုံးသွားတာလို့ အကြောင်းကြားလာပါတယ်။
ဒီအကြောင်းပြချက်ကို ဒေသခံတွေက အယုံအကြည်မရှိကြပါဘူး။
" ဖမ်းသွားတုန်းက အကောင်းကြီးပဲ" လို့ ဒေသခံ ရွာသားတစ်ဦးက ပြောပြပါတယ်။
စစ်ကြောရေးမှာ ကျဆုံးသွားသူတွေကို သဂြိုဟ်ရာမှာလည်း မိသားစု ကိုတောင် အနီးကပ်ကြည့်ရှုခွင့်မပေးတာတွေရှိပါတယ်။
အထင်အရှားဆုံးဆိုရင် ကိုဘုန်းမြင့်အောင်ရဲ့ နာရေးကို ရေဝေးမှာ ပြုလုပ်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ကြီးကြပ်ပြီး အလောင်းကို မီးသဂြိုဟ်စက်ထဲ ခပ်မြန်မြန် ထည့်ဖို့လုပ်ခဲ့တာတွေ့ရပါတယ်။
CDM ကျောင်းဆရာ ဦးဇော်မြင့်အောင်ရဲ့ နာရေး ဆိုလည်း အလောင်းကို ဇာတိရွာပြန်သယ်ခွင့်မပေးသလို သဂြိုဟ်ခွင့်ပြုတဲ့နေရာမှာ အလောင်းကိုခပ်လှမ်းလှမ်းကသာကြည့်ခွင့်ပေးတယ်လို့ နာရေးသွားခဲ့သူဒေသခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောရေးမှာ သေဆုံးသူတွေကို ရင်ခွဲစစ်ဆေးတာဖြစ်လို့ ဘာကြောင့်သေဆုံးရလဲဆိုတာကို အချိန်မရွေးကြည့်ရှုနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဖူးပါတယ်။
ဒီပြောကြားချက်ဟာ အခြေအမြစ်မရှိတာကို အလောင်းတောင် အနီးကပ်ကြည့်ရှုခွင့်မပေးတဲ့မြေပြင်အခြေအနေက သက်သေပြနေပါတယ်။
ညဖက်လာဖမ်း မနက် အလောင်းပြန်ပေးတဲ့ဖြစ်စဉ်တွေ ခပ်စိတ်စိတ်ဖြစ်လာချိန်မှာ စစ်ကြောရေးရောက်နေသူတွေရဲ့မိသားစုဝင်တွေ ဟာလည်း စိတ်တထင့်ထင့်နဲ့သောကရောက်ကြရပါတယ်။
"ဘယ်အချိန်မှာ အလောင်းလာထုတ်လို့ဆက်သွယ်လာမလဲ၊ အရမ်းစိတ်ပူရတယ် " လို့ တောင်ဒဂုံမြို့နယ်ထဲမှာ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်က ပြောပြပါတယ်။
လင်မယားနှစ်ဦးလုံးဖမ်းခံရတဲ့ဖြစ်စဉ်တစ်ခုမှာဆိုရင် စစ်ကြောရေးကို နှစ်ပတ်ကျော်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ထောင်ရောက်ချိန်မှာတော့ ယောင်္ကျားဖြစ်သူက ဇနီးသည်ကို စိတ်ဓာတ်မကျအောင် စာရေးအားပေးခဲ့ပါတယ်။
စာထဲမှာ " စစ်ကြောရေးမှာတောင် မသေခဲ့တာ ထောင်မှာတော့ မသေတော့ဘူး"လို့ ရေးသားထားတာပါ။
ငရဲခန်းစစ်ကြောရေးကို အသက်ရှင်လွတ်မြောက်လာခဲ့ကြပေမယ့် ရိုက်နှက်မှုဒဏ်တွေကတော့ လနဲ့ချီကြာတဲ့အထိ ခံစားနေကြရဆဲပါ။
" နံနုတော့အောင့်တယ် ခေါင်းကတော့ ဆေးစစ်တာ ဒဏ်ရာမတွေ့ပေမယ့် တချက်ချက်ကိုက်လာရင်နေရခက်တယ်" လို့ ကိုဟိန်းက သူ့ဝေဒနာကိုပြောပြပါတယ်။
#လူထုနွေဦး
#LuduNwayOo
#စစ်ကောင်စီ
#စစ်ကြောရေး
#AAPP
#နွေဦးတော်လှန်ရေး
ပန်းတိုင်ရောက်အောင် အရှေ့ဆက်ကြမယ်
ReplyDeletedone
ReplyDeleteအဖိုးတန်လူငယ်လေးတွေ😭
ReplyDeleteသွေးအေးလို့မရ
ReplyDeletedone💪💪💪
ReplyDeleteDone🍀
ReplyDeleteFighting
ReplyDeleteFighting
ReplyDelete