***“တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့”***
မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပါတယ်။
●ဒီလမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
●ကထိန်သင်္ကန်း အလှူပွဲတော်၊
●မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊
●မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
●ကျီးမနိုးပွဲတော်၊
●သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိကြပါတယ်။
ဒီအထဲမှာ သာမညဖလအခါတော်နေ့ ပွဲတော် ကျင်းပခြင်းရဲ့ အကြောင်းရင်းကို တင်ပြလိုပါသည်။
အဇာတသတ်မင်းဟာ ဒေဝဒတ်နှင့် ပေါင်းမိပြီး ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိပါတယ်။
ဒီအချိန်ကစပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို “လှံချက်ပေါင်း အရာအထောင်”တို့နဲ့ ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။
ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေခဲ့ပါတယ်။ ဒီအခါ ဝေဒနာကို
ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ
ရောက်သွားပါတယ်။
ဒါပေမဲ့ တိတ္ထိဆရာကြီး ၆-ဦးဟာ အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေး လမ်းညွှန်မှု မပြုနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ စိတ်သောကတွေ သက်သာအောင် ဇီဝကအမတ်၏ အကြံပေးချက်အရ မြတ်စွာဘုရားထံသွားရောက် ဖူးတွေ့ဖို့ သွားရောက်ခဲ့ပါတယ်။
မြတ်စွာဘုရားထံရောက်ရှိခဲ့တဲ့ ညဟာ တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ဇီဝကဦးဆောင်တဲ့ “မိန်းမ စစ်သည်တော် ၅၀၀” တို့ဟာ အဇာတသတ်မင်းကြီး မကြောက်ရွံဖို့နဲ့ မြတ်စွာဘုရားရဲ့ကျောင်းတော် ဆီမီးအလင်းရောင် ထိန်ထိန်လင်းစေဖို့ တန်ဆောင်တိုင်လို့ ခေါ်တဲ့ မီးတိုင်တွေကို ကိုင်ဆောင် ထွန်းညှိကာ
မြတ်စွာဘုရားရဲ့ကျောင်းတော်ကို ထိန်လင်းစေတာကို အစွဲပြုပြီး “တန်ဆောင်တိုင်ပွဲတော်”ကို ကျင်းပခဲ့ကြပါတယ်။
ဇီဝကလှူဒါန်းတဲ့ ကျောင်းတော်ကိုရောက်တဲ့ခါမှာ ဥယျာဉ်တော်ထဲမှာ တစ်ထောင်ငါးရာတစ်ဆယ်သော
ရဟန်းအပေါင်းခြံရံလျက် တင့်တယ်သပ္ပါယ်စွာ သီတင်းသုံးနေတော်မူသောမြတ်စွာဘုရားကိုတွေ့မြင်
လိုက်ရတဲ့အခါ အဇာတသတ်ဟာ ကြည်ညိုသော သဒ္ဓါတရားတွေ ဖြစ်ပွားပြီးငြိမ်သက်တည်ကြည်သော
ရဟန်းတို့ကိုရှေးကတစ်ကြိမ်တစ်ခါမျှမမြင်ဘူးပါလား တကားလို့ တည်ကြည်သောစိတ်ထားဖြင့်
နှုတ်မှရေရွတ်ပြီး အလွန်ကြည်ညိုသွားပါတော့တယ်။
ထိုအခါ မြတ်စွာဘုရားက “သာမညဖလသုတ်”ကို ဟောကြားသော်လည်း အဇာတသတ်ဟာ ဘုရားရှင်ထံမှ တရားတော်ကို ကြည်ညိုသဒ္ဓါပွားနာကြားပြီး တရားသဖြင့် မင်းပြုခဲ့ပေမယ့်ဒေဝဒတ် ဟူသောပညာမဲ့ ယုတ်မာသူကို မှီဝဲဆည်းကပ်မှု ကြောင့် အဇာတသတ်ဟာ ကြီးလေးသော အမှားကြီးဖြစ်တဲ့ ကံကြီးငါးပါးထဲက ပိတုဃာတက အဖကို သတ်တဲ့ကံဖြစ်သော ဖခင်ဗိမ္ဗိသာရ မင်းကြီးကို သတ်မိတဲ့ကံကြောင့် မြတ်စွာဘုရားရှင်ဟောကြားသောတရားတော်ကိုနာကြားပေမယ့် သောတပတ္တိဖိုလ်မရဘဲ
နောင်တမလွန် ဘဝမှာလည်း အပါယ်ငရဲ၌ ကျခဲ့ရပါတယ်။
သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါတင်မကဘဲ ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့အမှားကိုလည်း ကြီးစွာနောင်တရခဲ့ပါတယ်။
ပြီးတော့ မြတ်စွာဘုရားထံမှာ
(၁) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) ဝန်ခံခြင်း၊
(၂) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) တောင်းပန်ခြင်း၊
(၃) (ထိုကဲ့သို့သော မကောင်းမှုကို နောင်တဖန် မလုပ်တော့ပါ ဟု) ကတိပေးခြင်း၊ တို့ကိုလုပ်ဆောင်ခဲ့ ပါတယ်။
●အဇာတသတ်မင်းကြီးဟာ သာမညဖလသုတ် တရားတော်ကို ကြားနာရပြီး သူ့အပြစ်တွေကို
ဒီလို ကုစားခဲ့တာကြောင့် “မဟာ အဝီစိ ငရဲ”တွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့တဲ့
“လောဟကုမ္ဘီ ငရဲ” ၌သာ ကျရောက်ပြီး နောင်သောအခါမှာ “ဝိဇိတာဝီ” မည်တဲ့
ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ရ ပါလိမ့်မယ်။
ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏
ဖြစ်ရပ်မှန်ပင် ဖြစ်သည်။
ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။
သာမညဖလဟူသည် “ရဟန်းပြုခြင်း၏ အကျိုးများ”ကို ဖော်ပြချက်ဖြစ်သည်။
“ရဟန်းပြုခြင်း၏ အကျိုးများ”
~~~~~~~~~~~~~~~~~
ရဟန်းပြုခြင်းဖြင့် -
(၁) မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၄) ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
(၅) ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊
မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
(၆) နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း
စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်
ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
(၇) ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
(၈) သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
(၉) သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
(၁၀) နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ
ကင်းလွတ်ခြင်း။
(၁၁) ဈာန်တရား ရနိုင်ခြင်း။
(၁၂) ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း
အကျိုးတရားတို့ ဖြစ်ပေသည်။
ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၄င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၄င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။
ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။
ထိုသာမညဖလသုတ်ခေါ်
(ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား “တန်ဆောင်မုန်းလပြည့်နေ့” တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့” ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက အဇာတသတ်မင်းအား “သာမညဖလသုတ္တန်”ကို
ဟောကြားတော် မူသောကြောင့် ဤနေ့ကို သာမညဖလ အခါတော်နေ့ဟူ၍ သတ်မှတ်ကာ
သံဃာရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို ပူဇော်ကြသည့် အချိန်အခါလည်း ဖြစ်ပါသည်။
ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို
ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။
-【Admin Team of Young Buddhist's Association】
Posted by
Young Buddhist Association
အညွှန်း - ဦးပညာသာမိ(မာဂဓီ-သာစည်) ၏ အခါတော်နေ့များမှ-
No comments:
Post a Comment