Sunday, July 24, 2022

မင်းတို့ ကယ်တင်မှုကြီး ပြီးတော့

မင်းတို့ ကယ်တင်မှုကြီး ပြီးတော့

လှလှပပကြီး
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
ငါတို့ကလေးတွေအတွက် ပညာရေးကြီး မရှိတော့ဘူး
ကျောင်းကိုသူတို့ သွားကြတယ်
ကျူရှင်ကို သူတို့ သွားကြတယ်
စာကျက်ဝိုင်းတွေဆီ သူတို့သွားကြတယ်
ပြေးလွှားဆော့ကစားဖို့ အချိန်တွေ
အော်ဟစ်ရယ်မောဖို့ ညနေတွေ
ပူသောရာသီဥတုထဲ ချွေးတွေ
မိသားစုထမင်းလက်ဆုံညစာတွေ ပေးပြီး
ဘဝတွေပေးပြီး
မင်တို့ကယ်တင်မှုကြီး ပြီးတော့
သူတို့အတွက် ပညာရေးကြီးလဲ ပြီးသွားတော့တယ်။

ကြွကြွရွရွကြီး
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
တိုင်းပြည်ဟာ နှစ်ပေါင်းငါးဆယ်
တစ်နှစ်ထက် တစ်နှစ်ပိုသိမ်ငယ်လို့
တစ်ယောက်နဲ့ တစ်ယောက် ပစ်သတ်တဲ့ သွေးတွေစေးကပ်လို့
တစ်ယောက်နဲ့ တစ်ယောက် နောက်ကျောမှာ ဓားတွေစိုက်လို့
တစ်ယောက်ခေါင်းကို တစ်ယောက် သေနတ်နဲ့ထောက်ပြီး
ခလုတ်တွေ လွယ်လွယ်လေးဆွဲလို့
တစ်ဖက်နဲ့ တစ်ဖက် ဆဲဆို မုန်းတီးလို့
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
မင်းတို့လည်း ဘာကိုကယ်တင်ရမှန်း မသိတော့
တိုင်းပြည်လည်း ဘာကို ကုန်းကောက်ရမှန်း မသိတော့တယ်။

ပျော်ပျော်ရွှင်ရွှင်ကြီး
မင်းတို့ ကယ်တင်မှုကြီးပြီးတော့
ငါတို့ လူငယ်တွေလက်ထဲ နိဗ္ဗာန်တွေ အပြည့်
အရက်မစစ်တဲ့ အရက်ဆိုင်လေးတွေကနေ 
ကွမ်းယာဆိုင်တွေမှာတောင် ရနိုင်တဲ့ WYတွေ
သောက်မလား ရှူမလား ထိုးမလား ဘိန်းဖြူတွေ
ပိုက်ဆံမရှိဘူးလား ရမယ်ဆိုတဲ့ ကော်တွေ
ပျော်ရွှင်မှုစံနှုန်းတွေ မြင့်မြင့်ကြီးမြင့်လို့
မင်းတို့ကယ်တင်မှုကြီးပြီးတော့
ငါတို့ လူငယ်တွေဟာ ကမ္ဘာမှာ ဒုတိယဖြစ်လာတယ်
မင်းတို့မှန်းထားတဲ့ ပထမလေးနဲ့လွဲခဲ့လေသလား
အားနာပါတယ်။

ကော့ကော့မော့မော့ကြီး
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
ခရိုနီကြီးတွေ ပွဲတိုင်းကျော်လာတယ်
ပရဟိတနိုင်ငံတော်ကြီးဖြစ်ရမယ်လို့ သူတို့အော်သွားတယ်
ငါတို့မိတ်ဆွေတွေဟာလဲ ဓာတ်ပုံထဲပြုံးတတ်သွားတယ်
သယံဇာတတွေပေါတဲ့တိုင်းပြည်တဲ့
သုံးခိုင်းပါတယ်ပြောမှ ကုန်းခိုင်းမိသလို
ငါတို့လည်း သူတို့ကိုပဲ အလေးပြုရတော့ မလိုလို
မင်းတို့လည်း သူတို့ကိုပဲ သွားရေတမြားမြားကျရတော့မလို
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
ငါတို့မှာ နွားကိုပဲ ဘုရားထူးရတော့ မလိုလို
စားဖားတွေ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်။

စေးစေးပိုင်ပိုင်ကြီး
မင်းတကယ်တင်မှုကြီး ပြီးတော့
တောင်သူတွေလည်း စိုက်စရာမြေမရှိတော့ဘူး
သိမ်းပြီးသား တပ်ပိုင်မြေနဲ့
၀ယ်ပြီးသား ခရိုနီကြီးပိုင်မြေနဲ့
အမတော်ကြေးတွေ နှမ်းစေ့နဲ့
သမချေးငွေ ပဲစေ့နဲ့
ကုန်သည်ကြိုပေးငွေ အကြွေးလည်အစ်နဲ့
စိုက်လည်းရှုံး မစိုက်လည်းမွဲပြာ
မင်းတကယ်တင်မှုကြီး ပြီးတော့
ပဲစိုက်သူတောင်သူကြီးခဗျာ စားအုန်းဆီတွေစားလို့
မင်းတို့ လက်ဖက်ခွက်ထဲက ပဲဆီရွှဲရွှဲကို ငေးရရှာ။

ဖုထစ်လှပကြီး
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
အနုပညာ ဖက်ခွက်စားထက်ဆိုးပြီး
အနုပညာ ဖာခံစားနဲ့ ဖာခေါင်းတွေ ပေါလာတယ်
ကော်ပီကားနဲ့ ကော်ပီစာသားတွေ ပေါလာတယ်
ဆယ်လီနဲ့ ဆယ်ဖီတွေပေါလာတယ်
ကဗျာကိုသူကပဲ လုပ်ကျွေးပြုစုထားရသလိုလို
သူကပဲ ပန်းချီကို စတီထွင်ခဲ့သလိုလို
ကလေးတွေကြည့်ဖို့ ကာတွန်းကားတွေ ရေးခဲ့သလိုလို
ပြည်တွင်းစစ်ကြီး အေးဖို့ သီချင်းတွေရေးခဲ့သလိုလို
ပုဂံဘုရားတွေ သူပဲဆောက်ခဲ့သလိုလို
လိုလိုကောင်တွေ
မင်းတကယ်တင်မှုကြီး ပြီးတော့
ငါတို့ ငေးငေးကြည့်ရတဲ့ အတိုင်း
မင်းတို့ ပြေးပြေးကြည့်ရတဲ့ မဟာလူသားတွေ အပုံလိုက်။

ပေါ့ပေါ့ပါးပါးကြီး
မင်းတို့ကယ်တင်မှုကြီး ပြီးတော
နိုင်ငံတော်ကို လက်နှစ်လုံးအလိုမှ ကယ်တင်ပြီးလို့
ဝါဒဖြန့်ပြီးသွားပြီ
လက်ပတောင်းတောင်လည်း တစ်၀က်တိတိကနေ အကုန်ထိ သေချာသွားပြီ
ထောက်ပံ့သူကြီးတွေက နိုင်ငံကို တစ်ပိုင်း
ဦးပိုင်က တစ်ပိုင်း
အာဏာနို့စို့ခွေးတွေက တစ်ပိုင်း
ကျန်တစ်ပိုင်းကလဲ ရွှေပြည်အေးတွေလက်ထဲ အေးစက်လို့
မင်းတကယ်တင်မှုကြီး ပြီးတော့
မင်းတို့ ရဲဘော်တွေသေသွားသလို
တိုင်းသူပြည်သားတွေလဲ သေသွားခဲ့ရတယ်။

ခံ့ခံ့ညားညားကြီး
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
လူတိုင်းလူတိုင်းဟာ ထင်သွားကြတယ်
သူတို့ခေါင်းက ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆယ်လုံး
သူတို့လက်တွေက ချေဂွေဗားရား တစ်ရာ
သူတို့ခြေတွေက စပါတာကပ် တစ်ထောင်
သူတို့ယုံကြည်မှုက မာတင်လူသာကင်း တစ်သောင်း
သူတို့နှလုံးသားက သခင်ကိုယ်တော်မှိုင်း တစ်သိန်း
သူတို့သိမှုက ဝီကီပီးဒီးယား တစ်သန်း
သူတို့ဟောကြားမှုက ဘုရားတစ်ကုဋေ
မင်းတို့ ကယ်တင်မှုကြီး ပြီးတော့
ငါတို့တွေ ရလိုက်ပုံများ
ဂရင်းနစ်ကတောင် မှတ်သားယူရတယ်။

မျိုးမျိုးမြတ်မြတ်ကြီး
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
အလှူခံ မဏ္ဍပ်ကြီး ဆောက်ကြ
ဖာတန်းလို စျေးတွေညှိကြ
ရွှေပြည်အေးလို ညစာတွေစားကြ
ဆရာ၀န်နဲ့ ဆေးရောင်းသူတွေ လက်ဝါးချင်း ရိုက်ကြ
လူမှုကွန်ရက်ပေါ် အပိန်းထောင်ပြိုင်ကြ
ဆဲရေးမှု ဘာသာစကားကို ဆန်းသစ်ကြ
ရန်ငါ မိတ်ဆွေမကွဲ ကဲ့ရဲ့ကြ
မင်းတို့ကယ်တင်မှုကြီး ပြီးတော့
မင်းတို့ ကျက်လက်စ ကျမ်းစာအပိုင်းအစလေးကို
ငါတို့တွေ နားမလည်ခဲ့သလိုလို
စုပ်တသတ်သတ်
ငါတို့တိုင်းပြည်ကြီး
မင်းတို့စေတနာကြီးနဲ့ ဝေးခဲ့သလိုလို
ကမ္ဘာကြီးပဲ ကံခေခဲ့သလိုလို။

-မြတ်ဝေ
၁၉၊ ၂၊ ၂၀၁၇

သိပ်တော် သိပ်ထက်မြက်တဲ့လူတစ်ယောက်
အကျင့်စာရိတ္တမကောင်းရင်
သိပ်ကြောက်စရာကောင်းတယ်

ဟစ်တလာဆိုတာမင်းတို့သိမှာပါ
သိပ်တော်တာ မဟုတ်တဲ့နေရာ
သွားတော်နေသလိုဖြစ်တာပေါ့
အကျင့်မကောင်းဘူး အာဏာရူး

ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်ဆို
ငါအချစ်ဆုံး
သူတို့မှာ နှလုံးသားရှိလို့

ဥစ္စာရူးရယ် အာဏာရူးရယ်ကိုတော့
ငါအမုန်းဆုံးပဲ
သူတို့မှာ နှလုံးသားမရှိဘူး

တစ်ချိူ့ အာဏာရှိတဲ့ကောင်တွေက
အလကားနေရင်းလည်း အာဏာကပြချင်နေတာ

ကားအသစ်လေး ဝယ်ထားတဲ့လူတွေလိုပေါ့
ဘာမှမဟုတ်ဘဲလည်း ဟွန်းထတီးချင်တီးနေတာ

အာဏာလေးရှိလာလို့ အာဏာတွေပါဝါ
တွေပြနေရင်အဲ့ဒီကောင်အာဏာနဲ့မတန်တဲ့ကောင်ပဲ

ပိုက်ဆံချမ်းသာလို့ မောက်မာနေရင်
အဲ့ဒီကောင် ပိုက်ဆံနဲ့မတန်တဲ့ကောင်ပဲ

-အောင်သင်း

ဟစ်ပီ

ဟစ်ပီ (၁)
__________

ငါ ဟစ်ပီတွေလို ဖြစ်ချင်တယ်။
ဆံပင်အရှည်နဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ ဂျင်းန်ပန် အနွမ်း တစ်ထည်နဲ့ ခြေဦးတည့်ရာ လျှောက်သွားမယ်။
တွေ့တဲ့နေရာမှာ ထိုးအိပ်မယ်။
ဘုရား မရှိခိုးဘူး။တရားစာ မရွတ်ဘူး။
သောက်တင်း မပြောဘူး။
တစ်ယောက်ထဲကို စူးစူးနင့်နင့် ဘယ်တော့မှ မချစ်ဘူး။
ကိုယ့်အတ္တကို တည်ဆောက်ဖို့အတွက်နဲ့ ဘယ်သူ့ကိုမှ ချစ်တယ်ဆိုတဲ့ စကားနဲ့ မချည်နှောင်ဘူး။
ချစ်ခြင်းမေတ္တာကို ဘယ်တော့မှ တိုက်ရိုက်မပြဘူး။ 
ငါ့ကို ဘယ်သူမှ မမြင်နိုင်တဲ့ ညဖက်တွေဆို တစ်နေရာရာကို နာနာကျင်ကျင် ထိုင်းငေးနေမယ်။
မိုးလင်းတိုင်း ဘေးနားက ဖြတ်သွားတဲ့ လမ်းဘေးခွေးတွေက အစ ငါရယ်ပြနေမှာ။
ဒါ ငါ့အဘိဓမမှာပဲ။

သောက်တလွဲ လူ့အဖွဲ့အစည်းကြီးထဲမှာ လူရာဝင်ဖို့ ကိုယ့်ကိုယ်ကို ရောင်းကုန်တစ်ခုလို သဘောထားပြီး ပြောင်လက်နေအောင်တိုက်ပြနေရတာ စိတ်ပျက်တယ်။
အလကား သောက်ရူး လူ့အဖွဲ့စည်းကြီး။
ဒါကြောင့် မြို့မငြိမ်းဟာ အုတ်ကားအောက်ပြေးဝင်ခဲ့တာ။
ကတ်ကိုဘိန်းဟာ suicideလုပ်သွားတာ။
ဗန်ဂိုးဟာ ဒါကြောင့် အာလူးစားသူများ ပန်ချီကားကို ဆွဲခဲ့တာ။
ဒါကြောင့် ငါဟစ်ပီတွေလို နေချင်ခဲ့တာ။
ငါသေသွားရင်တောင် ငါ့ဆံပင်တွေက လေတိုက်ရာကို လွင့်နေဦးမှာ။

ဟစ်ပီ(၂)
__________

အာရှ အလယ်ပိုင်းမှာ 'ဆိုမာ' ဆိုတဲ့ အပင်တစ်မျိုးရှိတယ်။
သောက်လိုက်ရင် အာရုံကိုလန်းဆန်းတက်ကြွစေပြီး သွေးကိုယစ်မူးစေတယ် တဲ့။
ငါက ဟစ်ပီပဲ။လမ်းလျှောက်သွားမှာပေါ့။
အသက်နှစ်ဆယ်ကျော်တာနဲ့ လင်ယူသားမွေးဖို့တွေးနေတဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေကို ငါက သောက်မြင်သိပ်ကတ်တဲ့ အကောင်။
ငါက ဘာမှမလိုဘူး။ငါ့သွေးဟာ ယစ်မူးပြီး အာရုံက လန်းဆန်းတက်ကြွနေဖို့ပဲလိုတာ။
ဘဝဆိုတာ မီးညှိထားတဲ့ စီးကရက် ပဲ။
ငါ မဖွာရှိုက်လည်း သူ့အလိုလို ကုန်သွားမှာ။
ငါ့ဆံပင်တွေ ရှည်လာဖို့ပဲလိုတယ်။
ငါမပိုင်ဆိုင်တဲ့အရာအားလုံး တစ်ခုမှ မကောင်းဘူး။အဲဒိစိတ်နဲ့ ငါရှင်သန်တယ်။

ငါ စိတ်လိုလက်ရ ရှိတဲ့နေ့တွေဆို 
လမ်းဘေးက ကလေးတွေကို ပန်းကူရောင်းမယ်။
ရေသန့်ဘူးခွံ ကူကောက်ပေးမယ်။
ငါ အလွတ်ကျက်ထားတဲ့ ဟိုးမားရဲ့ ကဗျာရှည်ကြီးတွေ ရွတ်ပြမယ်။
ခင်ဗျား မျက်နှာက ဘာတန်ဖိုးမှ မရှိပါလားဆိုပြီး တံတွေးနဲ့ ထွေးပစ်ခဲ့တဲ့ ဒိုင်အိုဂျီးနီးစ် အကြောင်း ကလေးတွေကို ပြောပြမယ်။

ငါစိတ်ပျက်တဲ့ နေ့တွေဆို
လမ်းဘေးဓာတ်တိုင်မှာ မှီပြီး တင်ပလ္လင်ချိတ်ထိုင်မယ်။
စီးကရက် ထိုင်သောက်မယ်။
မျက်လုံးလေးစင်းပြီး ဖြတ်သွားဖြတ်လာ လူကြီးလူကောင်းတွေရဲ့ အဇ္စျတ္တထဲအထိ မြင်အောင် ကြည့်မယ်။
ပါးစပ်ချဉ်လာသလိုနဲ့ တံတွေးတစ်ချက်ထွေးပစ်မယ်။
ပြီးရင် ဟက် ခနဲ တစ်ချက်ရယ်မယ်။

ငါ့သွေးဟာ ယစ်မူးပြီး အာရုံတွေ လန်းဆန်းနေဖို့လိုတယ်။
အာရှ အလယ်ပိုင်းကို ငါလမ်းလျှောက်ရမယ်။
ငါကဟစျပီပဲ။
ကိုယ့်ဖြစ်တည်မှုကို ရှိကြီးခိုးလိုက်တယ်။

ဟစ်ပီ(၃)
__________

ပင့်ကူအိမ်ထဲမှာဆို ဘုရားသခင်ဟာ ဘယ်တော့မှ ယင်ကောင်ကို မျက်နှာသာ မပေးဘူး။
အဲ့ဒိစိတ်ကြောင့် ငါ့ဆံပင်ရှည်တွေဟာ ခြေဦးတည့်ရာ ထွက်လာခဲ့တာ။

သမာဓိကျင့်စဉ်ဆိုတာ ဆေးပြားလေးတွေ မီးရှို့ရတာပဲ။
ဘုရားစူးရစေရဲ့။ရှိရှိသမျှ ဘုရား အဆူဆူကို မီးခိုးလေးတွေကြားမှာ ငါမြင့်ခဲ့တယ်။
၃ ဒဿ      မ ၆ မိနစ်တိုင်း ငတ်မွတ်မှုကြောင့် သေဆုံးနေရတဲ့ လူတွေကို သူမမြင်ခဲ့ဘူး။
CNN ကလာတဲ့ စတော့ ရှယ်ယာစျေးကွက်နဲ့ အားကစားသတင်းတွေကြားထဲက မိနစ်ဝက်စာ ဆင်းရဲနွမ်းပါး ကလေးငယ်တွေကို သူမမြင်ခဲ့ဘူး။
ငါမြင်ခဲ့တယ်။မီးခိုးငွေ့တွေကြားမှာ ငါမြင်ခဲ့တယ်။
ဒါကြောင့် ငါ့ဆံပင်တွေ ရှည်လာတာ။

အလကားလူ့အဖွဲ့အစည်းမှာ တိုက်ခိုက်ရင်း၊လက်ထဲမှာ ဓားကိုင်ရင်း သေဆုံးနေကြရတယ်။
ရှိုပင်ဟောင်ဝါလည်း ငါ့လိုတွေးခဲ့တာပဲ။
သနားဖို့ကောင်းတာက ငါ့လို ဟစ်ပီ မဖြစ်ခဲ့တာ။

လူ့သမိုင်းဟာ သူတို့ရဲ့ ရာဇဝတ်မှု၊ ရက်စက်မှု၊ မိုက်မဲမှုများကိုသာ မှတ်တမ်းတင်ထားကြတာ။
ဂစ်ဗွန်လည်း ငါ့လိုတွေးခဲ့တာပဲ။
သနားဖို့ကောင်းတာက ငါ့လို ဟစ်ပီ မဖြစ်ခဲ့တာ။

ယောနသံဇင်ယော်ဟာလည်း သူတို့အမြင်မှာ ဟစ်ပီပဲ။
**မဟာဝီရလည်း ဟစ်ပီ ဖြစ်ခဲ့ဖူးတာပဲ။**
ပင့်ကူအိမ်တွေကို ရွံရှာပြီး တလောကလုံးကို သနားလာတဲ့အခါ ဘုရားသခင်ကို ငါမတွေ့ချင်တော့ဘူး။
လက်ထဲက ဓားကိုငါ ပစ်ချခဲ့ပြီ။
မျက်လုံးတွေနဲ့ လိင်ဆက်ဆံနေမယ့်အစား
ဆေးပြားတွေကို မီးရှို့ပစ်လိုက်တယ်။
အဲ့ဒိနေ့ကစပြီး ငါ ဟစ်ပီ ဖြစ်လာခဲ့တာ။

**(အိုရှိုး)

ဟစ်ပီ (၄)
__________

ငါ့အိပ်ကပ်ထဲက ကောက်ကွေးနေတဲ့ စီးကရက်လေး ပြန်ဖြောင့်ပြီး သောက်နေလိုက်တယ်။
ဘာအရေးကြီးလို့လဲ။ အေးဆေးပေါ့။

ငါ့ကို လူအဖွဲ့အစည်းကနေ ခြေစုံကန် ထွက်ခွာသူ တဲ့။
ရယ်နေလိုက်တယ်။
ငါငယ်ငယ်က 
ဘာသာတိုင်း အဆင့် A ရချင်တဲ့ ကလေးလေး။
အိပ်မက်တွေကို ညနှင့် မဆံ့အောင် မက်ခဲ့ဖူးသူလေး။
တယောထိုးချင်တဲ့ ကလေးလေး။
သတင်းစာမှာ ပါတဲ့ မိုက်တိုင်စန် လက်မောင်းပေါ်က မော်စီတုံးပုံ တက်တူးကို တစ်နေ့ ၃ခါ ထုတ်ကြည့်နေသူလေး။
တွေ့သမျှလူတိုင်းကို လိုက်ပြုံးပြတဲ့ ကလေးလေးပေါ့။
တကယ်က လူ့အဖွဲ့အစည်းက ငါ့ကို ခြေစုံကန်သွားတာ။

ဆယ်နှစ်ကျော်ခါစ "ဇလာတာ"ဆိုတဲ့ ဘော့စ်နီးယား ကျောင်းသူလေးရဲ့ နေ့စဉ်မှတ်တမ်း တစွန်းတစ ငါဖတ်ဖူးတယ်။
"ဆာရာယေဗိုမှာ အခြေခံ အစားအစာ ဘာတစ်ခုမှ မရှိ"တဲ့။
'ဂီတနက်သန်ကိုစောညိန်း'ရဲ့ ပေးစာလေး။
"ဂီတနက်သန် အဖွဲ့ဟာ နာမည်ကြီးပေမယ့် ထမင်းငတ်နေပါတယ်"တဲ့။
ခေတ်ကို စိတ်အချဉ်ပေါက်လာလို့ အက်ပီးကျူးရီးယန်အယူဝါဒတွေ ငါနားလည်ခဲ့ရတယ်။
အဆီယစ်နေတဲ့ သောက်ရူး လူ့အဖွဲ့အစည်းကြီး။လဲပြီးတော့သာ သေလိုက်ကြ။
ငါ့မှာ နာကျင်ရလွန်းလို့ မျက်စိမှိတ်ပြီး ရယ်နေရတယ်။

သိပ်ချစ်တာပဲလို့ လိမ်ပြောလိုက်ကြ။
စိတ်မကောင်းပါဘူး ပြောရင်း မျက်လုံးတွေက ပျော်ရွှင်နေကြ။
လူ့အဖွဲ့အစည်းဆိုတာ လိင်စိတ်ကလွဲရင် ဘာတစ်ခုမှ နိုးထမလာတော့တဲ့ အနမ်းလို ပဲ။
ငါ့မှာ စီးကရက် မီးခိုးလေးတွေ ပျောက်ကွယ်သွားတဲ့ အထိ လိုက်ကြည့်နေလိုက်ရတယ်။

ဟေ့ !! စီးကရက်သောက်တယ်ဆိုတာ ငါ့အတွက် ခဏတာ ဝိမုတ္တိမဂ် ရခြင်းပဲ။
ခဏတာ နိဗ္ဗာန အရသာပဲ။
အတိတ်,ပစ္စုပ္ပန်,အနာဂတ် မရှိ၊ 
ပြဿနာ မရှိ၊ နာကျင်စရာ မရှိ။
ဘာမှလာမပြောနဲ့..။
ငါ စီးကရက်သောက်ရမယ်။

(မောင်သာချို၏ အများဆိုင် ပုဂ္ဂလိကစာမျက်နှာများ အား ကိုးကားပါသည်။)

ဟစ်ပီ ( ၅ )

ငါက လူ့အဖွဲ့အစည်းကိုကြည့်မြင်တိုင်း
အာရုံကို သိခြင်းသဘောသာရှိတဲ့ စိတ်သဘာဝ ဆိုတဲ့'နာမ်'နှင့်
အစဉ်ဖောက်ပြန် ပြောင်းလဲနေသော သဘာဝရှိတဲ့'ရုပ်'သာရှိကြောင်း ထိုးထွင်းသိမြင်လာတယ် ။
သိပ်ကြည်နူးဖို့ ကောင်းတယ် ။
ငါ့အတွက်တော့ ..
'နာမရူပ ပရိစ္ဆေဒဥာဏ်'ဆိုတာ သောက်ရူး လူ့အဖွဲ့အစည်းကို ကြည့်ရင်း ပရမတ်သဘောကို ထင်ထင်ရှားရှားတွေ့လာရတာပဲ ။

နဂါးငွေ့တန်းထဲက ကြယ်မှုန်ကြယ်မွှားလို ဖြစ်တည်မှုတွေ သေးနုပ်သိမ်ငယ်သလောက်
အတ္တမာနက အထက်ဘဝဂ်ထိ လျှံတက်နေကြတယ် ။
မြင်,မြင်သမျှ ဟာသ တွေချည်း ။
လူ့သမိုင်းဆိုတာ 
ငါးခုံးမတွေ တစ်လှေလုံးအပြည့်နဲ့ ရီဝေမူးယစ် မျောပါနေကြတာ ။
လူ့အဖွဲ့စည်းဆိုတာ 
ဘုရားရှင်ကို သောက်တော်ရေတစ်ခွက် ကပ်လှူပူဇော်ပြီး 
၂နာရီလောက် ထိုင်ဆုတောင်းနေကြတာ ။
ဆုတောင်းသံတွေအားလုံး ငါအကုန်ကြားနေရတယ် ။
'ငွေ လိုနေတယ်'တဲ့ ။
 'ငွေ မရှိရင် သေတတ်တယ်' တဲ့ ။
'ငွေက လူကို ရယ်မောစေတယ်' တဲ့ ။
ငါ့မှာ တစ်ပြားမှမရှိပေမယ့် ကျန်းကျန်းမာမာ ထိုင်ရယ်နေခဲ့ရတယ် ။

ကြည့်စမ်း ။ ငါ့ကိုကြည့်စမ်း ။
တလောကလုံးကို မျက်လုံးလေးမှိတ်ပြီး ထိုင်ပြုံးပြနေလိုက်တယ် ။
ဘာမှအရေးမကြီးဘူး ။
ပြည့်စုံခြင်း သမ္ပတ္တိနှင့် ပျက်စီးခြင်း ဝိပတ္တိဆိုတာ ဒဂါင်္းပြားတစ်ခုရဲ့ ခေါင်း နှင့် ပန်း ပဲ ။
ဟာသ ဆိုတာ ကိုယ့်ဆီရောက်မလာတဲ့ သူတစ်ပါးရဲ့ ဒုက္ခပဲ ။
ရယ်ပစ်လိုက်ကြ ။ အားရပါးရ ရယ်ပစ်လိုက်ကြစမ်း ။
လူ့အဖွဲ့စည်းဆိုတာ ဒီလိုပဲ အရသာခံနေကြတာမဟုတ်လား ။
ငါပြောလိုက်မှ ရှက်ရဲရဲဖြစ်သွားတဲ့ လူကြီးလူကောင်း သောက်ခွက်မှန်သမျှ  အားရပါးရ ရယ်ရင်း ဆောင့်ကန်ပစ်လိုက်မယ် ။

ဟေ့ ငါက ဆံပင်အရှည်နဲ့ ဂျင်းပင်န်အနွမ်းနဲ့ 
ဘဝဆိုတာ လေတိုက်ရာ လွင့်ခြင်းပဲ ။
ငါ့မိုက်ရိုင်းရမ်းကားမှု မှန်သမျှ သိပ်ဖြူစင်လွန်းတဲ့ အဇ္စျတ္တဆီက မြစ်ဖျားခံတာ ။
လောကကို အရှိတိုင်းမြင်လို့ ငါ့ဆံပင်တွေဟာ အလင်းနှစ်သန်းပေါင်းများစွာ ရှည်လျားနေတာ ။    ။

-Chaos

"ကဗျာတစ်ပုဒ်"

"ကဗျာတစ်ပုဒ်"

ယုံကြည်မှုတွေမပေါ်သေးမီက
လူတွေနေထိုင်ကြသလို နေထိုင်ကြည့်ချင်တယ်
အမှားနဲ့အမှန် မပေါ်သေးမီက
လူတွေကျင်လည်ကြသလို ကျင်လည်ကြည့်ချင်တယ်
မေးခွန်းတွေ မရှိသေးခင်က
လူတွေ စကားပြောကြသလို ပြောကြည့်ချင်တယ်တဲ့။
ကဗျာဆရာတွေ မပေါ်သေးမီက
ကဗျာတစ်ပုဒ်ရှိခဲ့လေရဲ့ ။ ။

-နေမျိုး

တော်လှန်ရေး သတိ---------------------------


တော်လှန်ရေး သတိ
---------------------------


တော်လှန်ရေးမှာ

ကြွားဝါချင်သူ

ကိုယ်သိ ကိုယ်တတ်လုပ်ချင်သူ

သတင်းဦး သတင်းထူး ဖြန့်ချင်သူ

နေရာတကာ ပါချင်သူ

အဲဒီလို လူတွေဟာ ဒလံလို အန္တရယ် ရှိပါတယ်


San Zuren 🌸

လက်ဝဲသုန္ဒရ

လက်ဝဲသုန္ဒရ
---------------------


စစ်နည်းဗျူဟာ  ဘယ်လိုသာလည်း

စွဲကိုင်လက်နက်   ဘယ်လိုထက်လည်း

ပြည်သူ့နှလုံး  မသိမ်းကျုံးလျှင်

ပြည်သူ့အင်အား  မလေးစားလျှင်

ဓားသွားလည်းကြွေ  လှံလည်းခွေအံ့



San Zuren 🌸

PDF

 

PDF -------

 ကျောပိုးအိတ်လေးထဲမှာ

 တော်လှန်ရေး 

ချစ်ခြင်းတရားနဲ့ ဥာဏ်ပညာကို 

 ယုံကြည်မှုနဲ့ ထုပ်ပိုးပြီး

 မျှော်လင့်ချက်လမ်းအတိုင်း ဆက်လျှောက်မြဲ... 

 San Zuren 🌸

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...