"အိမ်လည်ကြူးတဲ့သား"
ကာရန်ချိုမြ၊ သွေးစစွန်းနေတယ်
တယောကြိုးလည်း၊ တီးတိုးငိုကြွေးတယ်
ဂစ်တာတလက်၊ အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။
အမေ့အိမ်နား၊ ဒီညများမှာ
စစ်သားဖိနပ်၊ တခွပ်ခွပ်နဲ့
ရပ်လို့ စောင့်နေတယ်။
အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျားမိနေရော့သလား။
အမေ့နားမှာ
သား ခေါ်သံများ၊ တိုးတိုးကြားလျင်
နားကိုလှည့်စား၊ ဒီညများ
ဘယ်သွားနေလဲ လူလေးရယ်။
သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး
ရေမြောင်းဘေးမှာ
သွေးတွေစွန်းလျှက်၊ ညနေဘက်က
ရပ်ကွက်ထဲကလူတွေ တွေ့ခဲ့သတဲ့။ ။
-တင်မိုး
Collage By Poetry Cafe
No comments:
Post a Comment