Sunday, September 4, 2022

အဓိပ္ပာယ်မဲ့ ရယ်မောခြင်းများ

အဓိပ္ပာယ်မဲ့ ရယ်မောခြင်းများ

ငိုပြီးမွေးလာတဲ့ ဘဝမှာ
ရယ်မောခြင်းသည် လှသော ဘာသာစကားတစ်ခုဖြစ်၏

သို့သော်…သို့သော်

ငါတို့သည် မျက်နှာတွေမဲ့ရင်း သေကြ သေကြ

တစ်ယောက်ထဲ ထိုင်ထိုင်ပြီးရယ်တယ်
ဆွေးညစ်ညစ် ခေတ်သီချင်း
အတင်းအဖျင်းတွေ
နားကြပ်သေးသေးလေးကနေ အရှိန်ပြင်းပြင်း ပစ်လွှတ်နေတဲ့ အမှိုက်တွေကို ခံစားတယ်
ခံစားရင်းလည်း မျက်နှာမဲ့နေကြမယ့်သူတွေကို တွေးတွေးပြီးရယ်တယ်

ကံတရားသည် ဖဲဝေသူ မိန်းမလေးဖြစ်၏
သူ့ဖဲအလိုကျ
ဉာဏ်သုံးပြီးရိုက်ကြရပေါ့
ပိုကာကစားပွဲနောက်ပိုင်းမှ တိတ်တဆိတ်ဓါးထိုးမှုများ
နောက်ကျောဓါးနဲ့ထိုးလည်း ပြုံးလိုက်ပေါ့ကွာ
မျိုးကြီး သီချင်း ငါဆိုလိုက်တယ်
အခုတော့ ရယ်ပဲရယ်နေလိုက်တယ်
အဓိပ္ပာယ်တော့ မရှင်းပြနိုင်ဘူး

သီချင်းတွေကလည်း…ဆွေး
လူတွေကလည်း ခေတ်ကြီးကို လှမ်းပြီး ငေး
ကဗျာတွေကလည်း ရေး……
ဝေးသွားပြီးသူတိုင်းတို့ရေ
မငိုကြနဲ့
အဓိပ္ပာယ်ရှိမရှိကို ဂရုမစိုက်ပဲ ရယ်လိုက်ကြ
သင်တို့ နေ့ရက်တွေဟာ ပျော်ရွှင်မှု အနုတ်ပြနေရင်
ဒေါ်လာဈေးတက်တဲ့အဖြစ်ထက် ဆိုးနေလိမ့်မယ်
ငါလည်း အခေါင်းထဲမှာ လက်မထောင်ပြီး သေမယ်

အို….အရှင်ဘုရား….နောက်တစ်ဘဝဆိုတာမှာလည်း…
အဓိပ္ပာယ်ကင်းမဲ့စွာရယ်မောခွင့်ပေးပါ
ငါဟာ ဘယ်ဆီနေမှန်းမသိ လက်အုပ်လေးချီ
ရယ်ရင်းပဲ သေတယ်……

အရူးပြဇာတ် တစ်ခန်းသိမ်းပြီ
အိပ်ငိုက်နေရင်းကနေ ထပြီး ပြန်ကြတဲ့ ပရိတ်သတ်အပေါင်း…
လောင်းကြေးထပ်ပါရစေ
သင်တို့လည်း ဒီကဗျာကို နားမလည်ချင်ပါဘူးဆိုတာတောင်
နာနာကျင်ကျင်
နားလည်လာရပါလိမ့်မယ်

#Tommy

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...