Wednesday, September 7, 2022

စိတ်ရင်းပေါ်သောနေ့ရက်များ

စိတ်ရင်းပေါ်သောနေ့ရက်များ

စစ်ဘေးသင့်ပြည်သူတွေ 
သားတို့မြို့လေးဆီ လာရှောင်ကြတဲ့အခါ
"ခေတ်ပျက်ကြီးထဲ ဒီလိုအေးချမ်းတဲ့မြို့လေးရှိသေးတာပဲ"လို့ သူတို့ပြောကြရင်
သား ဘယ်လိုဂုဏ်ယူနိုင်မှာလဲ အမေရယ်။
ကြံကြံဖန်ဖန်အတွေးထဲ မဆီမဆိုင် ရှက်နေရတယ်
အချိန်တခုအထိ မျက်နှာကိုသာ
ဖြုတ်လဲထားလိုက်ချင်တယ်။

ခေတ်ပျက်ကြီးမှာ လက်ထဲ ပိုက်ဆံမထားချင်လို့
မြေဝယ် တိုက်ဆောက်နေတဲ့လူတွေကအစ၊
ဆန်တစ်ပြည် တစ်ရာ၊ ကြက်ဉတစ်ကတ် တစ်ရာရောင်းပေးတဲ့ဆိုင်ရှေ့ ကိုယ့်အသက်ကိုယ်ပြန်လုဝယ်နေရတဲ့ဘဝတွေကအလယ်၊
အသက်ကလွဲရင် ဘာမှဆုံးရှူံးစရာမရှိတော့တဲ့
​ပြာပုံပေါ်ကလူတွေအဆုံး
တနိုင်ငံလုံး ပြုံးစရာတကွက်မှမရှိတော့ဘူး။

ဒီနှစ်တွေအတွင်း အမေလည်း ပိန်သွားတယ်နော်
သားချစ်တဲ့သူတွေလည်း အမေ့လိုပဲ ပိန်သွားတယ်
အချစ်မရှိတဲ့နှစ်တွေ ပိန်တယ်
အသံတွေ ပိန်တယ်
အစာအိမ်​တွေလည်း ပိန်တယ်
မဆူဖြိုး​သေးတဲ့ နိုင်ငံတော်ကြီးဟာလည်း 
လူရုပ်သူရုပ်မပေါ်အောင် ပိန်ချုံးခဲ့ပြီ။
လေရူးတမှုတ်ခါလိုက်ရင် လွင့်ထွက်သွားရလောက်အောင် နိုင်ငံတော်ဟာ အခွံပဲကျန်တော့တယ်။ 

ငရဲတွင်းကြီးထဲ
ရူးချင်ယောင်ဆောင် ပျော်နေကြတဲ့သူတွေအတွက်
သားတို့ဟာ ဘူပေါက်စေတဲ့ဖဲချပ်လေးတွေပါပဲ။
ပျော်စရာမြင်ရင် မပျော်နိုင်သူတွေကို သတိရမိတော့သားတို့ရဲ့ပျော်ရွှင်ခြင်းမှာ
ကြိုးတိုလေးတစ်ချောင်းချည်နှောင်မိပေါ့။

သားတို့ဟာ
ကိုယ့်သမိုင်းထဲ ကိုယ့်နိုင်ငံကိုပါထည့်ရေးနေကြတယ်
ညာလက်ပြတ်ရင် ဘယ်လက်နှင့်ရေးတယ်
ဘယ်လက်ပြတ်ရင် ခြေထောက်နှင့်ရေးတယ်
ခြေထောက်ပြတ်ရင် ပါးစပ်နှင့်ဆက်ရေးတယ်
အသက်ပါပြတ်သွားရင်လည်း အရှုံးမပေး
ဝိဉာဉ်နဲ့ ဆက်ရေးကြသေးတယ်
သွေးတွေရင်းရတဲ့ခေတ်တွေ
မကုန်သေးဘူး အမေရယ်။

နိုင်ငံတော်အတုကို နိဂုံးချုပ်နိုင်ရင်ချုပ်
မချုပ်နိုင်ရင် ကိုယ့်သမိုင်း နိဂုံးချုပ်ပြီပဲ
ခက်ခဲတယ် ဒါပေမယ့် မရပ်တန့်ဘူး အမေ
ခြောက်လှန့်​ကြတယ် ဒါပေမယ့် သားမကြောက်ဘူး
လူဆိုတာ အကုသိုလ်ကောင်ကြီးမဖြစ်ရင်ပဲ
အနေမြတ်နေပြီမဟုတ်လား
စိတ်ချပါအမေ
သားဟာ အနေမြတ်ခဲ့ပါပြီ
အသေမြတ်ဖို့ပဲကျန်တော့တယ်။

ကိုဟိန်း

၄.၉.၂၀၂၂

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...