လူငယ်ဘဝ ကွယ်လွန်ခြင်း
------------------
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘာသာစကားပြော သင်တန်းတွေ
ကွန်ပျူတာ သင်တန်းတွေ
အောင်လက်မှတ်တွေ မရှိခဲ့ပါ
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်း မရှိခဲ့ပါ
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
ရေဒီယိုတလုံး
ဂစ်တာတလက်နဲ့
စာအုပ်တသေတ္တာပဲ ရှိခဲ့ပါတယ်...။
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
ရုပ်ရှင်ရုံသည်သာ အငြိမ်းချမ်းဆုံး ခိုနားရာ
တခါတရံ စိတ်ပြေပျောက်စရာ
အပြာရောင် စာအုပ်များနဲ့သာ
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
စက်ဘီးလေးတစီးတောင် မရှိခဲ့သလို
ရည်းစားလည်း တယောက်မှ မရှိခဲ့ပါ
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျနော့်ရဲ့ ကမ္ဘာ
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
ခပေါင်းစီးကရက် တဘူးနဲ့
မြို့ပတ်ရထားကို မူးအောင် စီးခဲ့ဖူးပါတယ်
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
လူငယ့်ရေးရာ ညကျောင်းတကျောင်း ရှိခဲ့သလို
ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာလည်း
သင်တန်းကျောင်းကြီး တကျောင်းပါပဲ
ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ
ဒိုင်ယာရီစာအုပ် လွယ်အိတ်ထဲထည့်လို့ လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေ အော်ဆိုခဲ့တာ
အနာဂတ်လွမ်းချင်း ကဗျာတွေ ရေးသားခဲ့တာ
အခုတော့
ကျနော့်ရဲ့ လူငယ်ဘဝလေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တတိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ
ကျနော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြုပ် ပျောက်ကွယ်ခဲ့ပါပြီ။
#လှသန်း
No comments:
Post a Comment