ဗီဒီယိုတွေထဲမှာ မဖွင့်တဲ့ကျောင်းကြီးကို နောက်ခံထားပြီး နှင်းဆီပန်းတွေ၊ဘာတွေနဲ့
စောက်ရူးအချစ်ဇာတ်တွေ ရိုက်ထားတာ
တွေ့တော့ အော်ရယ်ချင်တယ်။
တကယ့်စောက်ပေါရုပ်ရှင်တွေ reality
တစ်ခုမှမပါဘူး။ ရုပ်ရှင်ထဲမှာ အပြစ်ကင်းမဲ့ပုံနဲ့ မင်းသမီးတွေ။ တက္ကသိုလ်အထိ အမေကလာကြိုတာတို့ ၊ ဘာတို့ ၊ တကယ့်ဟာသတွေ။
ဟိုဘက် အင်းလျားဘေးကပန်းခြံထဲကိုပဲကြည့်လိုက်။ လူမြင်ကွင်းမှာပဲနမ်းနေတာ၊ နှိုက်နေတာ အဲ့တာ reality ပဲ။ အဲ့တာနဲ့ မျက်နှာချင်းဆိုင်မှာတော့ ခြောက်နေတဲ့သွေးကွက်တွေ၊ သစ်ပုတ်ပင်တွေ၊ ဘွဲ့နှင်းသဘင်တွေရှိရာ သော့ခလောက်ကြီးခတ်ထားတဲ့ ပလေတိုးရဲ့ဂူ။ တစ်ခါတစ်လေလည်း ကျောက်ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ ဟိန်းဟောက်သံကြားမိသလိုလို။ ဒါပေမယ့် ငါတို့ကိုယ်တိုင်လည်း နို့နံ့မစင်ဘူး။ အိမ်ရောက်ရင်ငါတို့ဟာ ယုန်သူငယ်လေးများလို သိမ်သိမ်မွေ့မွေ့ ။ မုဆိုးတို့အတတ်ကို အပြင်မှာ တိတ်တဆိတ်ဆည်းပူးနေတဲ့ ယုန်သူငယ်တွေ။ငါတို့ခေတ်မှာ"တော်လှန်ရေး"ဆိုတာမိဘကိုပြန်အော်တာနဲ့ စာမေးပွဲကျအောင်တမင်ဖြေတာကလွဲရင်ဘာများလုပ်စရာရှိလို့လဲ
ငါကတော့သူငယ်ချင်းတွေ"ငကြောက်"လိုခေါ်ကြတဲ့အတိုင်းသူရဲဘောကြောင်လို့အဲ့ဒီတော်လှန်ရေးမျိုးတောင်မလုပ်ခဲ့ဘူး။
-အောင်ခင်မြင့်
(တကယ်မရှိသောနှစ်များ)
No comments:
Post a Comment