Friday, August 5, 2022



အဓိပတိကို ငါစွန်ခဲ့တယ်
_______________________

အသဲငယ်ငယ်ရေ
ကျောင်းတွေဖွင့်တော့မယ်တဲ့
ကျောင်းသားလေးတွေက ထောင်ထဲမှာ တောထဲမှာ
ဆရာစစ်တဲ့ဆရာတွေက စျေးထဲမှာ ​မှော်ထဲမှာ
ကျောင်းဟောင်းလောင်းကြီးကို သူတို့ ပြန်ဖွင့်တော့မယ်
လက်တစ်ဆုပ်စာ ဖောက်ပြန်သူတွေနဲ့
သူတို့ဟာ ငါတို့ကျောင်းတော်ကို ဖွင့်ကြတော့မယ်
ရဲဘော်တို့ရေ သူငယ်ချင်းတို့ရေ
ငါတို့ဟာ မသန့်စင်သူများနဲ့ တစ်တန်းတည်းမထိုင်နိုင်လို့
အဓိပတိကို စွန့်ခဲ့ကြပြီ
ဖက်ဆစ်ရဲ့ ခွေးသွားစိပ် ပညာရေးကို ငါတို့လွှတ်ချခဲ့ပြီ
ကျဆုံးရဲဘော်ရေ ငါ့သူငယ်ချင်းရေ
ငါတို့အတူထိုင်ဖူးတဲ့ ကန်တင်းကို ငါတို့ ခွာခဲ့ပြီ
ချစ်ရပါသော အသဲငယ်ငယ်ရေ
ကိုယ်တို့ အတူထိုင်ပြီး အိမ်မက်တွေရေးဖူးတဲ့
ကံ့ကော်တန်းနဲ့ ခုံပြာတန်းကို ထားခဲ့ပြီ
လွမ်းရစ်တော့ ကြာပန်း ကန်လေးရေ
ငါတို့တွေ ပြန်မလာကြတော့ဘူး
မသန့်စင်တဲ့ လက်နဲ့ ကျောင်းတော်တံခါးကို 
သူတို့ ဆွဲဖွင့်ကြတော့ တံခါးမှာ သွေးတွေ
အဲ့သွေးတွေကလေ
ငါ့သူငယ်ချင်းရဲ့ ရင်ဘက်ကသွေး
လူမမယ်ကလေးလေးရဲ့ ​ပေါင်ပြတ်ကသွေး
လက်ပြန်ကြိုးတုပ် ခေါင်းတေ့ပစ်ခံရတဲ့ လယ်သမားကြီးရဲ့သွေး
အပ်တိုတစ်ချောင်းမှ မပါတဲ့ တက်ကြွလှုပ်ရှားသူ 
အမျိုးသမီးလေးရဲ့ နဖူးပေါက်က စိမ့်ကျလာတဲ့သွေး
စစ်ကြောရေးမှာ ကျခဲ့တဲ့သွေး
အဲ့သွေးတွေနဲ့ လက်က ကျောင်းတံခါးမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်သတဲ့
ရီစရာကောင်းလိုက်တာ သူငယ်ချင်းရေ
လူထောင်ချီတက်တဲ့ကျောင်းကို
မသန့်စင်သူ လူဆယ်ဂဏန်းပုံကိုရိုက်
"အေးချမ်းသာယာစွာ ပညာသင်ကြား​ေနသည်"လို့ ညာကြဦးမတဲ့
ထောင်ထဲက သူငယ်ချင်းရေ
ကျဆုံးရဲဘော်တို့ရေ
တော်လှန်သူအပေါင်းတို့ရေ
လက်တစ်ဆုပ်စာ မသန့်စင်သူတွေနဲ့
ငါအတူ ကျောင်းကို ပြန်မဝင်ဘူးဆိုတာ ယုံကွယ်
ချစ်ရသူ စစ်စစ်ရခဲ့ပြီးပြီ
ရန်သူ စစ်စစ်ကိုလဲ ငါကြုံခဲ့ပြီ
စိတ်ချတော့ ရဲဘော်တို့ရေ ငါရင့်ကြားမစေ့
ငါ ဖက်ဆစ်တို့ကို အရူံးမပေး
ဝါဒဖြန့် ပညာရေးကို ဆန့်ကျင်လိုက်တယ်
ငါ အဓိပတိကို စွန့်ခဲ့တယ် ။     ။

- ရဲဘော်ဒဂုံ (ထောက်ပံ့ရေးတပ်စု) -

Art - Morris John

7 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...