[] ပျော်ပျော်ပါးပါး ဆော့ကစား []
________________________________
ငါ ရေငုပ်ရတာကို မကြိုက်ဘူး။ ဟုတ်တယ်။ ရေငုပ်တယ်ဆိုတာ အန္တရာယ်များတယ်။ အထူးသဖြင့် သမုဒ္ဓရာထဲမှာ။ စတယ်ဆိုရင်ပဲ အသက်ကိုအောင့်ထားလိုက်ရပြီလေ။ တဖြေးဖြေးနက်လာရင် တိုးတိုက်မိမှာတွေက ကြိုနေလိမ့်မယ်။ ကမာကောင်လေးတွေ ကြမ်းခင်းမှာ ငြိမ်သက်စွာ တရားမှတ်နေတာတွေ။ ဆေးသုတ်မရတော့တဲ့ သင်္ဘောအိုပျက်တွေ။ စစ်ဖြစ်နေတဲ့ မျ်ိုးနွယ်စုတူတွေ။ သွေးညှီနံ့ကို တလင့်
လင့် မျှော်နေတဲ့ ငါးမန်းတွေ။ သူတို့ဟာ သူတို့သွားတွေကို ချွန်မြနေအောင် နေ့တိုင်းသွေးနေကြတာ။ စွန်ရဲတို့ထံ ရိတ်သိမ်းခံလိုက်ရတဲ့ ငါးတွေ။ အနာကို ကြိတ်ကုသနေတဲ့ သက်တော်ရှည်လိပ်တွေ။ ဒါတွေကို တွေ့ရတတ်တယ်။ ဘယ်တော့မှားပြီး စိုက်ဝင်လာမယ်မသိရတဲ့ မှိန်းတွေကို လန့်နေရတာကြောင့်လည်း ရေမငုပ်ချင်တာ။ အဲ့မှာတိတ်ဆိတ်မှုဟာလည်း အသံကုန်ထိ ချဲ့ထားတယ်။ နက်ရှိုင်းလာလေလေ မှောင်လွန်းလာလေလေပဲ။ ပြီးတော့ အသက်ရှူရမချောင်တော့ဘူး။ ကြော်ငြာတွေမှာ အပျော်တမ်းရေငုပ်ဖို့ ဖိတ်ခေါ်တာ ငါတွေ့ဖူးတယ်။ စိတ်ပြေလက်ပျောက်ရှိစေဖို့ပါတဲ့။ တကယ်တော့ ဒါဟာသေကြောင်းကြံစည်မှုလို့ပဲ ငါတော့ယုံကြည်ထားတယ်။ ဒါပေမယ့်ပေါ့ သင်ဟာ မထူးခြားတဲ့ နေ့စဉ်အဖြစ်အပျက်တွေကို ငြီးငွေ့လာရင် ရေသွားငုပ်ဖို့ အကြုံပြုမိမှာပဲ။
ရာဇာ
ပျော်ပျော်ပါးပါးကလစ်
ReplyDelete