စိန်ချယ်ပန်းများဖြင့်
________________
၁၉၄၇
အတွင်း၀န်များရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေ အောက်မှာ
သူ အသက်ပျောက်ခဲ့ရပြီ ။
ရန်သူရဲ့အဖမ်းကို ဘယ်တော့မှမခံဘူးဆိုတဲ့
သူ့ရဲ့နည်းဗျူဟာ
အနုနည်းနဲ့မရရင်
အကြမ်းနည်းနဲ့ချမယ်ဆိုတဲ့
သူ့ရဲ့မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
ရဲဝံ့ပြောင်မြောက်စွာ ဖြတ်သန်းလာတဲ့ သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့ တိရစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ။
အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှု တစ်ခုပေပဲလား
မြင့်မြတ်တဲ့ “ဗိုလ်အောင်ဆန်း” ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်အမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် “ဧရာ၀တီ” ဖြစ်ပါတယ် ။
သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
“ရိုးမ” လည်း ဖြစ်ပါတယ်
သင့်ရဲ့
ကြီးမြတ်တဲ့ ဝိညာဉ်ဟာ
“ဧရာ၀တီ”လို အမြဲထာ၀ရ စီးဆင်းပြီ
“ရိုးမ”လို အမြဲထာ၀ရ ရပ်တည်နေမှာပဲ ဖြစ်ပါတယ် ။
“ဂန္ဓီကြီး”
“အန်ကယ်ဟို”
“ဒေါက်တာရီဇော်”
“မော်”
အာရှတိုက်ရဲ့ အကျော်အမော်များ နည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
“အောင်ဆန်း” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ် ။
ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိပ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကိုဖောက်ထွင်း
နေ၀န်းနီအလံကို ဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲကထွက်လာရဲ့ ။
၁၉ဇူလိုင်တဲ့
အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ ။
ဆောင်းမနက်ခင်းစောစောမှာ
ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။
မကြောက်တရားရဲ့ သင်္ကေတ
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။
အများသူငါကောင်းစားရေးအတွက်
ကိုယ်ကျိုးမငဲ့ကွက်ခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။
လူသားဟုခေါ်ဆိုရန်ပင်မထိုက်တန်
သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော
အမည်နာမအတွက်
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။
အမိနိုင်ငံတော်ရဲ့
သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။
လင်းယုန်ငှက်တွေဝဲနေတဲ့
ဟောသည်ဆောင်းလမ်းမှာ
“ဗိုလ်အောင်ဆန်း”တဲ့
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့ ။
-မိုဃ်းဇော်
Collage by Poemency

No comments:
Post a Comment