"ဥဒါန်း"
ပြာဝင်း ဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကား ဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့မြေမှာ မှိုင်းမှိုင်းဝေရော့မယ် ။
သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရမယ်လို့
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်
ရာဇဝင်ဆိုးရဲ့ အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ရယ် ။
ဒီဘက် ကမ္ဘာခေတ် ရဲ့
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ပြည်က
ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ် ။
သားပျောက်ရှာတဲ့ အမေ ကို
သူ့အောက်က မြေက
" မေမေ " လို့ တိုးတိုးလေး ခေါ်နေတယ်
မေမေရယ်....
မေမေရယ်....
မေမေရယ်.... ။
ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာ ဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ် ။
နေဝင်းရဲ့စနစ်ဆိုးကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ် ။
ဒီနေ့ပွဲဟာ
ရှုံးရှုံးနိုင်နိုင်
ယှဥ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ပွဲ မဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိဥာဥ်ချင်း ရိုက်ခွဲတဲ့ပွဲ ဖြစ်တယ် ။
" ဟေ့ ... ကြိုးစင် "
ငါ...ရင်ကော့ပြီး လာခဲ့မယ် ။ ။
-ရွှေဘုန်းလူ
No comments:
Post a Comment