ညီလေး
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့သစ္စာ
ညီလေး
အခုဆို မင်းက အတွင်းကြေ
ငါတို့က အပြင်ကြေ
ညီလေး
သွေးဟာ သွေးပဲ
ဘယ်တော့မှ ရေ မဖြစ်ဘူး
ညီလေး
ညီညီလွင်က ပြောတယ်
မင်းအတွက် နေ့စဉ် မောရသုတ် ရွတ်မယ်တဲ့
ညီလေး
သိန်းသိန်းက ပြောတယ်
ပျော်လို့ ခုန်ချကြတာပဲ
ဒုက္ခတော့ ခံကြရမှာပေါ့ တဲ့
ညီလေး
ရဲဌေးက ပြောတယ်
ငါတို့တွေ ရှင်ကွဲပါကွာ
မကြာခင် ပြန်တွေ့ကြရမှာပါတဲ့
ဟုတ်တယ် ညီလေးရေ
သေကွဲပေါင်းများစွာ
ငါတို့ တွေ့ခဲ့ပြီးပါပြီ
ညီလေးရေ
အဆင်ပြေတော့လည်း ‘ ဟိုက်ကော်မရှင်နာ ’
အဆင်မပြေတော့လည်း ‘ ဇေ ’
တို့တွေ ‘ ဇေ ’ သောက်လိုက် ‘ ဘေ ’ ဝတ်လိုက်နဲ့
မိုက်မိုက်မဲမဲ ပျော်ရွှင်ခဲ့ကြတာ
ညီလေးရေ
မင်း မရှိတော့
ငါတို့ရဲ့ မယ်ဇလီပင်တွေလည်း ခြောက်သွေ့ပါတယ်ကွာ
ညီလေး
မင်းက အစားကောင်း အသောက်ကောင်း ကြိုက်တယ်
အချက်အပြုတ် ဝါသနာပါတယ်
မင်းနဲ့ငါ မနက်တိုင်း စျေးအတူ သွားခဲ့ကြတာ
ခုတော့လည်း လွမ်းစရာ
ညီလေး
လက်ဖက်ရည်ဆိုင်က စားပွဲထိုးတွေက မေးတယ်
သူငယ်ချင်း မပါဘူးလားတဲ့
ညီလေး
ကုန်စိမ်းသည်တွေ ငါးစိမ်းသည်တွေက မေးတယ်
ဗိုက်ပူ မပါဘူးလားတဲ့
ညီလေး
မမိုးက မေးတယ်
လုံးချော ဘယ်ပျောက်နေလဲတဲ့
ညီလေး
ထပ်ပြောဦးမယ်
ငါတို့ ဘယ်တော့မှ ထွက်မပြေးဘူး
ထွက်မပြေးဘူး
ဒါဟာ ငါတို့ရဲ့ ယဉ်ကျေးမှု
ငါတို့ရဲ့ သွေးအမျိုးအစား
ငါတို့ရဲ့ တရားအမှန်
ညီလေး
ငှက်တစ်သောင်း နားနိုင်ဖို့
သစ်ကောင်းတစ်ပင် ဖြစ်ခဲ့ရင်
မင်း တာဝန်ကျေပါတယ်ကွာ ။ ။
-လှသန်း
#Collage By Poetry of Life

Be safe.
ReplyDeleteနေ့စဥ်ကလစ်ခြင်းဖြင့်တာဝန်ကျေတယ်လို့ကိုယ့်ကိုကိုယ်ထင်မိပါတယ်။
ReplyDeleteOk
ReplyDeleteDone
ReplyDelete🙏🙏🇲🇲🇲🇲
ReplyDelete🙏🙏🙏
ReplyDelete