Tuesday, April 19, 2022

လူငယ်ဘဝ ကွယ်လွန်ခြင်း

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘာသာစကားပြော သင်တန်းတွေ
ကွန်ပျူတာ သင်တန်းတွေ
အောင်လက်မှတ်တွေ မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဗီဒီယိုဂိမ်းတွေ
ကာရာအိုကေတွေ
စိတ်ကြွဆေးပြားတွေလည်း မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ်...။

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရုပ်ရှင်ရုံသည်သာ အငြိမ်းချမ်းဆုံး ခိုနားရာ
တစ်ခါတစ်ရံ စိတ်ပြေပျောက်စရာ
အပြာရောင် စာအုပ်များနဲ့သာ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
စက်ဘီးလေးတစ်စီးတောင် မရှိခဲ့သလို
ရည်းစားလည်း တစ်ယောက်မှ မရှိခဲ့ပါ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျွန်တော့်ရဲ့ ကမ္ဘာ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ခပေါင်းစီးကရက် တစ်ဘူးနဲ့
မြို့ပတ်ရထားကို မူးအောင် စီးခဲ့ဖူးပါတယ်

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
လူငယ့်ရေးရာ ညကျောင်းတစ်ကျောင်း ရှိခဲ့သလို
ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာလည်း
သင်တန်းကျောင်းကြီး တစ်ကျောင်းပါပဲ

ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဒိုင်ယာရီစာအုပ် လွယ်အိတ်ထဲထည့်လို့ 
လျှောက်သွားခဲ့တာ
အသည်းကွဲသီချင်းတွေ အော်ဆိုခဲ့တာ
အနာဂတ်လွမ်းချင်း ကဗျာတွေ ရေးသားခဲ့တာ

အခုတော့
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးလည်း
ပျောက်ကွယ်ခဲ့ပါပြီ
တစ်တိုင်းပြည်လုံး ဖြတ်စီးသွားတဲ့
ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးဟာ
နစ်မြှုပ် ပျောက်ကွယ်ခဲ့ပါပြီ။.....................................။

                         _လှသန်း



8 comments:

  1. အစ်ကိုတွေရဲ့ ကျောင်းစိမ်း ပုဆိုး နဲ့ လွယ်အိပ် အဟောင်း တစ်လုံးက ကျွန်တော်အတွက် ဘဝသစ်တစ်ခုပေါ့

    ReplyDelete
  2. ယနေ့လူငယ်လေးတွေက
    မြစ်ကြီးဖြောင့်တန်းအောင် ထုဆစ်ပုံဖော်နေကြလေရဲ့

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...