Friday, March 11, 2022


ရာမွန်သို့ပြန်စာ

သို့
ချစ်သောရာမွန်
သင့်ထံမှပေးပို့သော စာလွှာကို
ကျွန်ုပ်တို့ပြည်သူတွေရှေ့မှာဖတ်ပြခဲ့တယ်။

ကျွန်ုပ်တို့စတွေ့ခဲ့ကြတဲ့
"မာရီယာ အန်တိုနီယာ"ရဲ့ အိမ်ခန်းလေးကနေ
သင့် နောက်ဆုံးသတင်းကို
ကျွန်ုပ် အတည်ပြုကြေညာနေရတဲ့
ယခုအချိန်ထိ
ကျွန်ုပ်တို့နှစ်ဦးကြားက ခေါင်းစဉ်ဟာ
"တော်လှန်ရေး" မဟုတ်လား ရာမွန်။

တပ်(ဇ်)ပန် ဆိပ်ကမ်း ၊ အူဗာရိုတိုက်ပွဲ
စန်တာကလာရာထိုးစစ်...
ကျွန်ုပ်တို့ လက်ဆွဲနှုတ်ဆက်တိုင်း
စေးပျစ်နေတဲ့ သွေးကိုချည်း ထိစမ်းမိခဲ့
ရွက်ဖျင်ဟာ ဟောင်းနွမ်းခဲ့ပေမယ့်
ကျွန်ုပ်တို့ရွက်လှေကတော့
ဆက်လက်ရွက်လွင့်ဆဲပါပဲ ရာမွန်။

အို...ရာမွန်
"တစ်ကမ္ဘာလုံးအတွက်
တော်လှန်ရေးကို သင်ချန်ထားနိုင်ခဲ့ပေမယ့်
သင့်ချစ်ဇနီးနဲ့သင့်သားငယ် သမီးငယ်တို့အတွက်တော့ 
တာဝန်မကျေပွန်သူတစ်ယောက်"တဲ့လား
မဟုတ်ရပါဘူး ရာမွန်
"အယ်လင်ဒါ"ဟာ
သင့်အတိုင်း ရဲရင့်သူ ဇနီးတယောက်ဖြစ်ပြီး
သင့်သားသမီးတွေကလည်း
သင့် စွန့်လွှတ်မှုမှာ ဂုဏ်ယူတတ်ကြပါရဲ့ ရာမွန်။

အို...ရာမွန် သင်က
အရပ်ရပ်သော အဖိနှိပ်ခံလူတန်းစားတို့အတွက်
တော်လှန်သော တပ်ဦးက
လွန်သွားတချောင်းဖြစ်ရဲ့
သင့်သေဖော်ဟာ ကျွန်ုပ်ဖြစ်ပြီး
ကျွန်ုပ်သေဖက်က သင်ဖြစ်ရဲ့ ရာမွန်။

တစ်ကမ္ဘာလုံးက 
ညီညွတ်သော အလုပ်သမားထုနဲ့
ညီညွတ်သော လယ်သမားတို့ရဲ့ တိုက်ပွဲဝင်အလံမှာ
သင့်သွေးဟာ ပင်မရောင်စဉ်ပါပဲ ရာမွန်။

ချစ်သော ရာမွန်
လူတန်းစားပဋိပက္ခတွေကို ငြင်းပယ်ခြင်းဟာ
ဘုရားသခင်ကို ငြင်းပယ်ခြင်းဖြစ်ပြီး
ဘုရားသခင်ကို ငြင်းပယ်ခြင်းကတော့
လူတန်းစားပဋိပက္ခကို လက်ခံခြင်းဖြစ်ရဲ့ မဟုတ်လား
အပျင်းထူတဲ့ (နတ်)ဘုရားတွေ
အဆီယစ်နေတဲ့ ဘုန်းတော်ကြီးတွေနဲ့
သေသောက်ကြူးနေတဲ့ အာဏာရှင်တွေဟာ
လွန်ခဲ့တဲ့ ရာစုနှစ်တွေကထက် ပိုညီညွတ်လာကြပေါ့
ကမ္ဘာအရပ်ရပ်မှာတော့
သီးနှံစပါးတွေ စိုက်ပျိုးရင်းက
လယ်သမားတွေက ဝမ်းစာရိက္ခာချို့ငဲ့နေကြဆဲ
တနေ့...ရှစ်နာရီထက် ပိုအလုပ်လုပ်ရင်းက
အလုပ်သမားတွေဟာ
မျှတနေတဲ့ လုပ်ခလစာကို တောင်းဆိုနေရဆဲ
တော်လှန်ရေးဟာ မပြီးဆုံးသေးခင်
သင်ကတော့ ထွက်ခွာနှင့်ပြီပေါ့ ရာမွန်။

ရာမွန်ရေ...
သူတို့ရဲ့ သွားလေသူ သမ္မတအတိုင်းပဲ
တက္ကဆပ်က ကောင်းဘွိုင်တွေလည်း
ဟာဗားနား ဆေးပြင်းလိပ်ကို ခဲကုန်ကြပြီ
ဝက်ပင်လယ်အော်မှာလည်း
ခရီးသည်တင် သင်္ဘောတချို့ဟာ ဖြတ်သန်းလို့။

အမေရိကဟာ
ပုပ်ပွနေတဲ့ သူ့အလောင်းကောင် သူထမ်းပြီး
အခုထိ   ရူးနှမ်းနေဆဲပေါ့ ရာမွန်။

ကျွန်ုပ်တို့ရဲ့ ခံကတုတ်တချို့လည်း
ကော်ပိုရိတ်ယဉ်ကျေးမှုအောက်မှာ ပြိုလဲခဲ့ပေါ့
ကျွန်ုပ်တို့ လူ့တော်လှန်ရေးကတော့ 
လူလူချင်း ကုပ်သွေးစုပ်မှုတွေ မချုပ်ငြိမ်းမချင်း
မြင်းရိုင်းတကောင်လို
ခရီးပြင်း နှင်နေဆဲပဲ ရာမွန်။

ဘိုလီဗီးယားရဲ့ တောနက်ထဲက
တောင်ပေါ်ရွာငယ်ကလေး "ဟီ‌ဂွေးရာ"မှာ
သင်အိပ်ပျော်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပေမယ့် 
သင့်အမည်နာမနဲ့ သင့်တော်လှန်ရေးကတော့
ကမ္ဘာ့အမည်နာမနဲ့ ကမ္ဘာ့တော်လှန်ရေးဖြစ်နေဆဲပါပဲ ရာမွန်။

အို...ကျွန်ုပ်တို့ရဲ့ ရာမွန်
ချူချာတဲ့ ပန်းနာရင်ကျပ်သည် ကောင်ကလေးဟာ
ကမ္ဘာကြီးကို သူ့ပခုံးနဲ့ တွန်းရွှေ့ခဲ့ပါပေါ့။
တောင်အမေရိကရဲ့ နယ်စပ်မျဉ်းတွေပေါ်
မော်တော်ဆိုင်ကယ်တစီးနဲ့ ဖြတ်သန်းခဲ့တဲ့ လူငယ်ကလေးဟာ
ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ ကောင်းကင်ယံမှာ
နီလင်းနေတဲ့ ကြယ်ဖြစ်ခဲ့ပါပေါ့လား  ရာမွန်...။

အလေးနီဖြင့်
သင့်ရဲဘော်  ဖီဒယ်

#ကေဇဝင်း

(Illustrated by Pantaleon)
Collage by ဝီကီပီဒီးယား

13 comments:

  1. အရှက်မဲ့သူကို
    အသက်နဲ့ပစ်ပေါက်နေရတဲ့,
    ဝဋ်ကြွေး တိုင်းပြည် ။ ။

    မောင်လှမျိုး(ချင်းချောင်းခြံ)

    ReplyDelete
  2. -- သူရဲကောင်း --

    *** ပန်းလိုကြွေလည်း
    ဝေတုန်းအတိုင်း သင်းနေတယ်..

    *** ကြယ်လိုကြွေလည်း
    နေတုန်းအတိုင်း လင်းနေတယ်...

    *** ပန်းလိုလည်းသင်း ကြယ်လိုလင်းသူ
    ရင်တွင်းထာဝရရှိနေမယ်...

    -MSW

    ReplyDelete
  3. စကစ ထိပ်ပိုင်းအုပ်စု ကို မုန့်ဟင်းခါး ကျွေးနိုင်လျင် ပွဲ မြန်မြန်ပြီးပါမည်။ အထူးပွဲအတွက် အထူးအစီအစဥ်တော့ လိုသည်ပေါ့ ။

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...