Sunday, January 23, 2022


ချေဂွေဗားရား (၂)

ဆိုတော့ လူငယ်လုပ်တီရှပ်တထည်ပေါ်က 
ငါ့ရဲ့ပုံအောက်မှာ
“ဒူးထောက်အသက်ရှင်နေရတာထက်
ရပ်ပြီး သေရတာ ပိုကောင်းတယ်” ဆိုတဲ့ စာသား ရိုက်ထည့်လိုက်။

အီမယ်ဒါမားကို့စ်ရဲ့ လေဒီရှူး အရံပေါင်း ၂၇၀၀ ထက်
အဖေ့ စာအုပ် ၃၀၀၀ ကျော်က ငါ့ခြေထောက်တွေကို ပိုရွေ့စေခဲ့တယ် 
စေလိုရာ စေနိုင်ဟာတွေ။

စာအုပ်ဖတ်ပြီး သေနတ်နဲ့ပစ်ပါ 
အဖေ က
သေနတ်နဲ့စာအုပ် တပြိုင်တည်း ငါ့ကို၀ယ်ပေးထားခဲ့တယ်။

ချီလီကဗျာဆရာကြီး ပါပလိုနီရူဒါ ရဲ့ကဗျာတွေ ငါစွဲ
“ပန်းခြံအတွင်း၌ သေဆုံးသူများ” ငါစွဲ
ဒါက ကျုပ်အတွက် စကားလုံးတွေမဟုတ်ဘူး 
သိပ်လှတဲ့ အာဏာရှင်ချေမှုန်းရေးကျည်ဆန်တွေ ။

အလိုင်ဒါ ရေ မင်းနှုတ်ခမ်းနီထောင့်တွေ 
ငါယူသွားပြီ လိုအပ်ရင် သေနတ်ထဲထည့်ပစ်ဖို့
ကဗျာတွေဆက်ဖတ်ပြီး မင်းကျန်ရစ်ခဲ့လေတော့။

ဟေ့ဂွာတီမာလား ဟေ့ကွန်ဂို 
ဟေ့ဘိုလီးဗီးယား 
ငါ့နိုင်ငံတွေ ဒါ ငါ့လူနာတွေ 
ဆေးထိုးအပ်တချောင်းနဲ့ မလုံလောက်ခဲ့တဲ့ ငါ့ပြည်သူတွေ

ငါသွားပြီ (သို့မဟုတ် ) ငါလာပြီ။

ကျူးဘားရေ 
ကျုပ်ကို ဆေးပြင်းလိပ်တိုက်ပါဦး
ခင်ဗျားတို့အတွက် ကျုပ်တိုက်ဖို့ လာပြီ။

ကျူးဘားရေ
ကြံခင်းများထဲ ပြောက်ကျားစစ်သားကြီးချိုခဲ့တဲ့အကြောင်း 
နောင်လာနောင်သားတွေကိုပြောဖို့လုပ်ကြတော့။

ကိုယ့်လူကြီး ကက်စထရိုရေ
မက္ကဆီကိုကမ်းခြေမှာ
မြင်းတွေကိုထားပြီး ကျုပ်တို့ ဂရမ်မာရွက်လှေကလေးနဲ့သွားကြမယ်
ဒါဟာ အပျော်ခရီးပါ
ကောင်းကင်ကြီးပြာနေမှာပါ အောက်မှာတော့ သွေးပင်လယ်ကြီးပေါ့။

ဘာတစ္စတာရေ
ဆေးထိုးအပ်ဆိုရင်လည်း 
ပေါက်ဓါးတချောင်းလို မင်းမျက်လုံးများကိုစိုက်စေ
သေနတ်တလက်ဆိုရင်တော့ 
မင်းတို့အကုန်လုံးအတွက် ဗုံးကျဲသလိုဖြစ်စေပေါ့။

ဘယ်ရီကတ်ဦးထုပ်အပျော့လေးပေါ်မှာ ကြယ်ပွင့်တပွင့်နဲ့
နံရံကပ်ပိုစတာကြီးတွေပေါ်မှာ 
စျေးဆိုင်တွေ အလှပြင်ခန်းမတွေနဲ့ ကော်ဖီဆိုင်နံရံတွေပေါ်မှာ
ဟေ့ ဆံပင်ညှပ်ဆိုင်နဲ့ ဟိုချာတိတ်တွေရဲ့လက်ဖျံပေါ်မှာ 
မော်တော်ကားဒက်ရ်ှဘုတ်ပေါ်မှာ
အဲ့ဒါဘယ်သူလဲ ကိစ္စမရှိ 
ဟိုကောင်မလေးရဲ့အခန်းထဲက နံရံပေါ်မှာ ဟောလိဝုဒ်စတားလား "နိုး
ရော့ခ်သူရဲကောင်းလား "နိုး"
ကမ္ဘာကျော်ဘောလုံးသမား "နိုး" ဟေ့ မင်းအင်္ကျီပေါ်မှာ 
ငါ့လက်ပတ်နာရီဒိုင်းခွက်ထဲမှာ
" ချေ " တဲ့ကွ ဝေါကနဲ ဆိုင်ကယ်ကိုမောင်းထွက်သွား သူ့ဂျင်းအင်္ကျီနောက်ကျောမှာ 

မရောက်သေးတဲ့ အစွန်အဖျားတွေ ဘယ်မှာ 
သူ့နာမည်ကိုင်ပြီး လူငယ်တွေ ကြယ်တွေဆီ တန်းစီနေကြ။

လူကြီးတွေရမ်းကားနေသမျှ လူငယ်တွေကျောင်းအိပ်ကျောင်းစား
တော်လှန်ရေးကို တေးလိုဆို တောလိုစိုနေကြရလိမ့်ဦးမည် အို ချေဂွေဗာရား။

-ခရမ်းပြာထက်လူ
၂    ၀     ၁    ၄

18 comments:

  1. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete
  2. ပြန်ဖတ်ရတာ ကျေးဇူးပါခင်ဗျား.
    ကြိုးစားကလစ်လျှက်ပါ❤

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...