Monday, December 13, 2021

Click4Tanintharyi

အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင်မှုတွင် မြန်မာစစ်ကောင်စီ ရေတပ်ပါဝင်လေ့ကျင့်၊ လူသတ်စစ်ကောင်စီကို တရားဝင်မှုပေးအပ်တာလို့ JFM ထောက်ပြ

RiSE News | ဒီဇင်ဘာလ ၁၃

ပြီးခဲ့တဲ့ ရက်သတ္တပါတ်အတွင်း ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံ - ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီ ရေတပ်က ပါဝင်လေ့ကျင့်မှုရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်မှုတွေအရသိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လက်ခံကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် အာဆီယံ -ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှုကို  အာဏာသိမ်းစစ်ကောင်စီရေတပ်ရဲ့ ဗိုလ်မှူးချုပ်ဇော်ဇော်လတ်ကွပ်ကဲတဲ့ ကျန်စစ်သားစစ်ရေယာဉ်ကိုစေလွှတ်ပြီးပါဝင်ခဲ့တာလို့ဆိုပါတယ်။

ဒါဟာ စစ်ရာဇဝတ်မှုတွေဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်တပ်ကို စွမ်းရည်မြှင့်တင်ပေးပြီး နိုင်ငံတကာအသိအမှတ်ပြုမှု လိုအပ်နေတဲ့  တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းလူသတ်စစ်ကောင်စီကို တရားဝင်မှုပေးအပ်တာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Justice For Myanmar ကထောက်ပြပါတယ်။

စစ်ကောင်စီမီဒီယာတွေရဲ့ထုတ်ပြန်ချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ ပူးတွဲစစ်နည်းဗျူဟာဆိုင်ရာ လှုပ်ရှားဆောင်ရွက်တာတွေ၊ အချက်ပြဆက်သွယ်ခြင်းသင်တန်းတွေ၊ ဆက်သွယ်ရေးဆိုင်ရာတွေနဲ့ သံသယဖြစ်ဖွယ်ရေယာဉ်တွေကို  ကြားဖြတ်ထောက်လှမ်းတာတွေ ပါဝင်တယ်လို့ဆိုပါတယ်။

အာဆီယံ - ရုရှား စစ်ရေးလေ့ကျင့်မှုကို မလကာရေလက်ကြားမှာ ကျင်းပခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကရေတပ်ဌာနချုပ်တစ်ခု တည်ရှိတဲ့ ဘီလာဝမ်ဆိပ်ကမ်းကနေ သင်္ဘောတွေ စတင်ထွက်ခွာခဲ့ပြီး  စစ်ရေးလေ့ကျင့်မှု ပိတ်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ရုရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာစစ်ကောင်စီရေတပ်အပြင် ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကလည်း ပါဝင်ခဲ့ကြပါတယ်။

အာဆီယံ-ရုရှားရေတပ်စစ်ရေးလေ့ကျင့်မှုဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံရဲ့ မြန်မာစစ်တပ်နဲ့ကြံရာပါပတ်သက်မှုမှာ နက်ရှိုင်းတဲ့ အဆင့်တစ်ခုကို ပြသနေပြီး၊ ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားနိုင်ငံမှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ပါဝင်တက်ရောက်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးတစ်ရပ်က သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်မယ့် အာဆီယံရဲ့ စိတ်ဆန္ဒအပေါ် မေးခွန်းထုတ်ရမယ်လို့ Justice For Myanmar အဖွဲ့ကဆိုပါတယ်။

အာဆီယံအနေနဲ့  တရားမဝင်စစ်ကောင်စီကို အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေနဲ့ အခမ်းအနားတွေ အားလုံးကနေဖယ်ရှားဖို့ နဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် ဒီမိုကရေစီအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း Justice For Myanmar အဖွဲ့ကတောင်းဆိုထားပါတယ်။

#RiSE_News



5 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...