Tuesday, August 2, 2022

"ဝန်ခံခြင်း"

"ဝန်ခံခြင်း"

ဘယ်သူဟာ
သွားကြားထိုးနေရင်း
ပဲခူးရိုးမထဲက ဝါးရုံတောကြီးကို သတိရကြမှာလဲ
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသရွေ့
ကျွန်ုပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်။ ။ 

-လှသန်း

နိဗိန္ဒ



နိဗိန္ဒ

မာယာကော့စကီ
ဂျက်လန်ဒန်
ဗင်ဂိုး
မာရီလင်မွန်ရိုး
မြို့မငြိမ်း
ကတ်ကိုဘိန်း
စာအုပ်အထူကြီး ၆ အုပ်
မှတ်သားစရာက တစ်ကြောင်းတည်း
ကမ္ဘာကြီးကို ငြီးငွေ့ခဲ့ကြတယ် ။  ။

-သုခမိန်လှိုင်

နိုင်ငံပိုင်ရုပ်သံသတင်းမှာ မင်းဓါတ်ပုံပါလာတဲ့နေ့က



နိုင်ငံပိုင်ရုပ်သံသတင်းမှာ မင်းဓါတ်ပုံပါလာတဲ့နေ့က
__________________________________________

မင်းအိမ်ကထွက်သွားတာ 
သုံးလတင်းတင်းပြည့်ပြီ။

ငါတို့အိမ်လည်း
မင်းမရှိကတည်းက တိတ်ဆိတ်နေတာ
တိုင်ကပ်နာရီအိုကြီးတချက်ချက်မြည်ရင်မြည်...
ဒါမှမဟုတ်၊
ကျေးဇူး‌တော်ရှင်အဂ္ဂမဟာပဏ္ဍိတ၊ မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသောဆိုတဲ့ မင်းကြိုက်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားခွေသံကြားရင်ကြား...
အိမ်ကကြောင်ကတော့ထုံးစံအတိုင်း တဆာဆာပဲ။

မင်းမရှိတဲ့ရက်တွေမှာ 
အမေဟာ ချဉ်ပေါင်ဟင်းနဲ့ ၀က်သားမချက်ဘူး။ ငါတို့အိမ်ကရေနံပါးဝနေတဲ့ ထရံတွေ 
ခါတိုင်းထက် ပိုမှောင်တယ်လို့ ငါခံစားရတယ်။ 

မင်းဘယ်ရောက်နေလဲလို့ မင်းသူငယ်ချင်းတွေလာမေးရင် 
ငါစောက်ခွက်တွေဖြတ်ရိုက်ချင်တယ်။ 
ငါ့အစ်ကို 
ငယ်ငယ်က မင်း ဆိုးပေတေတယ်‌ဆိုတာ
ကောင်းကင်ပေါ်ထိုးတက်ချင်တဲ့ စွန်လိုပဲလို့ ငါသိတယ်။
ကြိုးအလျော့အတင်း ရစ်ပတ်လည့်ဖျားမှုမှာ 
ပြတ်ထွက်သွားပြီး လေနှင်ရာလွင့်သွားရုံပဲ။ မင်းအိမ်ပြန်လာတယ်။

မင်းကဗျာတွေ ငါမကြိုက်ဘူး....စောက်ပိုတွေ!! 
အိမ်က ပြေးထွက်သွားပြီးမှ 
အိမ်ပြန်ချင်တယ်တဂျီဂျီ အော်နေ
အိမ်ကိုထားသွားပြီး အိမ်ကလွှင့်ပစ်လိုက်တဲ့ ခဲလုံးလို
နာပြနေတဲ့အရေးအသားတွေ။

မင်းစီးကရက်သောက်တာအဖေသိသွားတဲ့နေ့က
သူ့စီးကရက်ဘူးတွေအကုန် 
တနာတကျင်ကြီး လွှင့်ပစ်ပြီးပေါက်ကွဲခဲ့တာ....
မင်းအရက်မူးပြီးပြန်လာတဲ့ညက 
အမေတစ်ညလုံး တရှုံရှုံ့ငိုနေတာ....
မင်းက ငါ့အတွက်တော့ 
အဝေးပြေးကားပေါ်မှာပြနေတဲ့ရုပ်ရှင်တစ်ကားပဲ....
ငါမကြည့်ချင်ဘဲ မြင်နေရတာ။ 
ငါတစ်ခန်းပြီးသွားရင် မကြည့်တော့ဘူးဆိုပြီး
မျက်စိမှိတ်အိပ်မယ်ကြံရင် 
ဇာတ်ရှိန်တွေထမြှင့်လာလို့
ဆတ်ကနဲလန့်လန်နိုးလာရတယ်။ 

မင်းကဗျာထဲမှာ‌တော့
မင်းက မအောင်မြင်တဲ့သားပဲ....
အမေ့ပါစပ်ဖျားကျ 
မင်းက ‌ရွှေရောင်လွှမ်းထားတဲ့ စပါးခင်းပဲ....
ငါ့အစ်ကိုရေ....
မင်းက ကွန်မြူနစ်ပြောပြီး
သစ္စာလေးပါးတရား ခရေဇီ....
စိုးလွင်လွင်ရဲ့ အသံကွဲအက်နေတဲ့ 
`ခိုးစိတ်တိုးတိတ်လွမ်းချိန်'ကို ခိုက်လိုက်တာပြောပြီး
ညအိပ်ရာ၀င်သီချင်းListမှာ ဘစိုင်းသီချင်းတွေနဲ့။

မင်းက အူကြောင်ကြား
မင်းဘော်ဒါတွေနဲ့ ငါတို့ တစ်အိမ်လုံး 
မင်းထထလုပ်တဲ့ အကွက်တွေထဲ ရူးရူးကျန်ခဲ့....
မင်း အိမ်ကထွက်သွားတာ သုံးလတင်းတင်းပြည့်တဲ့နေ့က 
ငါ့တို့အိမ်က ရေဒီယိုအဟောင်းကြီးဟာ
ခါတိုင်းလိုနွမ်းလျလျ....
ငါတို့ရဲ့ မနက်စာကလည်းပုံမှန်အတိုင်း....
အမေက အ၀တ်လျှော်စက်ထဲအ၀တ်တွေထိုးထည့်....
အဖေက လျှပ်စစ်မီးလိုင်းတွေကို ‌ဟိုပြောင်းဒီပြောင်း....
ငါကလည်း 
စောက်ရေးမပါတဲ့ Newfeedကို ထိုင်ပွတ်လိုက်.....ဂိမ်းဆော့လိုက်ပဲ....

မင်းဆီက မဆက်သွယ်တာ ၁၈ရက်ရှိပြီလို့ 
မင်းကောင်မလေးက အမေ့ဆီဖုန်းဆက်သေးတယ်...
ငါတို့တစ်ရက်မှ မင်းကိုမမေ့ဘူးဆိုပေမယ့် 
ငါတို့မြို့ရဲ့လမ်းတွေက
မင်းကိုမေ့နေပုံပါပဲ.... 
မေလရဲ့ အပူရှိန်က
အညာကို လောင်ကျွမ်းနေတဲ့ မီးတွေ 
တစ်နေကုန်လောင်နေတဲ့ သစ်ရွက်တွေ ခြောက်ကပ်နေတယ်။

ငါတို့ အမေက ၇နာရီဇာတ်လမ်းတွဲကြည့်တယ်... ရုပ်မြင်သံကြားရှေ့ကို
ငါတို့ သားအဖနှစ်ယောက်လည်း 
ဘာရယ်မဟုတ် သံလိုက်ဆွဲသလို ဆွဲခံရပြီး ရောက်နေကြ...
၈း၀၈ မှာ 
အမေက နိုင်ငံပိုင်ရုပ်သံလိုင်းကို ပြောင်းတယ်။ အလကားအကုသိုလ်များတဲ့သတင်းတွေလို့ အဖေနဲ့ငါပြောမိသေးတယ်... 
ငါတို့ရဲ့မမေ့နိုင်သော အခိုက်အတန့်ပေါ့....
သတင်းအစီအစဉ်တင်ဆက်တဲ့ ကောင်မဟာ 
စောက်ကျက်သရေပိုမဲ့တယ်လို့ ငါတွေးမိနေတုန်း
မင်းနာမည်ဟာ 
စောက်ကျက်သရေမဲ့တဲ့ ပါးစပ်ကထွက်လာတာ...
မင်းဓါတ်ပုံကို သုံးလအတွင်း ငါတို့ပထမဆုံးမြင်ရခြင်းပဲ
ငါ့အစ်ကိုမင်းမျက်နှာက ထိုးကြိတ်ခံဒဏ်ရာတွေ 
ကဗျာဆရာ၊ကွန်မြူနစ် ၊ဝိပဿနာသမား မင်းဟာ 
လူသတ်မှု၊ အကြမ်းဖက်ဖောက်ခွဲမှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ခုံရုံးမှာသေဒါဏ် ချမှတ်ခံရကြောင်း.... 
ငါတို့ပါးစပ်တွေကို တခုခုနဲ့ပိတ်ဆို့ ထားသလို
အမေဟာ မျက်ရည်သွင်သွင်ကြီး... 
အဖေနဲ့ငါက 
ကောင်းကင်ကြီးပြိုသွားလို့ ဘယ်ပြေးရမလဲဆိုပြီးတွေးနေမိတဲ့ 
သရဲဘောကြောင်တဲ့ ယောက်ျားရင့်မာတွေ....
မင်းဘယ်မှာလဲ ငါ့အစ်ကို...
တံငါရွာနေပူထဲ အစချီတဲ့
လွှမ်းမိုးရဲ့ အဖေသီချင်းကို 
အဲ့ဒီအချိန်မှာ ငါသတိရသွားတာတော်တော်လောင်တယ်။ အဲ့ဒီသီချင်းကြားတိုင်း
မင်းက အဖေအိမ်ပြန်မရောက်လာတော့ဘူးထင်နေကြ။
အသက်ကြီးပြီး ငါ့ထက်ပိုမျက်ရည်ကျတဲ့ကောင်...

အမေပြောနေကျ စာက‌လေးအမေကြီးလေမုန်တိုင်းထဲပါသွားလို့ စာကလေးမိသားစုပြိုကွဲရတဲ့ ပုံပြင်အဆုံးမှာ မင်းမျက်ရည်ခိုးခိုးကျတာ ငါသိတာပဲ...

မင်းကိုကယ်ဖို့
ငါတို့မှာဘယ်ဘုရားရှိလဲ... 
ခြင်တောင်မရိုက်ရဲတဲ့ကောင်
မင်းက လူသတ်၊အကြမ်းဖက်ကောင်ဆိုတာ 
ငါတို့အတွက်တော့ စောက်တလွဲဟာသပဲ....
ခက်တာက 
အဲ့ဒီဟာသက ဘယ်တော့မှမရယ်ရတော့ဘူး...

ဖုန်းတွေ တရစပ်၀င်လာတယ်....
ဖေစ့်ဘုတ်မှာ 
မင်းအကြောင်း 
Speak Outလုပ်ကြရအောင်တွေ တက်လာတယ်။
ငါအကုန်လုံးကို ဘာစောက်စကားမှ မပြောချင်တော့ဘူး။
ငါတို့အိမ်ရဲ့ ငပေါ ...
ကဗျာဆရာ....
အိမ်ပြေးကောင်....
အရက်မူးပြီး အဆောင်ပတ်ဂစ်တာတီးတဲ့ကျောင်းသား....
နောက် 
မင်းက  ဗျူရိုကရက်၊ကွန်မြူနစ်.... 
မင်းက 
ဘာတွေကို ယုံကြည်မှန်းမသိအောင်ကို လုံးချာလည်နေခဲ့ပြီး၊
‌သားနှစ်ယောက်မှာ
တစ်ယောက်တော်လှန်ရေးလုပ်ရင်ရပါပြီကွာ
ပြောသွားတဲ့ကောင်...

အမေနဲ့အဖေကို  နှစ်သိမ့်ဖို့ 
ငါ့မှာ ဘာစကားမှမရှိဘူး..... 
မင်းကောင်မလေး 
မင်းသူငယ်ချင်းတွေ 
ငါတို့ မင်းဆီရောက်ဖို့ ဘယ်နတ်ဆရာမှ လမ်းမညွှန်နိုင်ခဲ့ဘူး...

မင်း အခု ဘယ်မှာလဲ ငါ့အစ်ကို....

ငါတို့အိမ်က ကြောင်ကထုံးစံအတိုင်းအော်နေတယ်....
ရေဒီယိုအဟောင်းကြီးက 
ငါတို့ငယ်ငယ်တုန်းကအတိုင်း ဟောင်းဟောင်မြေ့မြေ့ကြီး....
မင်းကိုပြန်တွေ့ဖြစ်ရင် 
ငါဘာကစပြောရမယ်မသိဘူး....
မင်းအဆောင်ရှေ့ဂစ်တာတီးပြီး 
အိမ်ပြန်နောက်ကျညတွေလို 
အမေက တံခါးဖွင့်ပေးဖို့နိုးနေတုန်း....
ငါလည်း အိပ်မရပါဘူးကွာ...

ငါမွေးတဲ့နေ့တုန်းက`ညီလေး‌တဲ့ဖေဖေရေ'လို့ 
အော်ပြီးခုန်နေတဲ့ သူငယ်တန်းကျောင်းသားက
မင်းဆိုတာ သေချာရဲ့လားလို့
ငါတွေးနေမိတယ်ထင်တာပါပဲ....
စောက်ရူးကြီး ငါ့အစ်ကို...

-PlugX

Collage By Poemency

Monday, August 1, 2022



အပွင့်လှနေရင်
လက်တို့တို့ပြီးပြလို့
ဖဲသေနေရင် 
မျက်စိမျက်နှာကို ပျက်လို့

အချစ်နဲ့ ကစားရင်း အစားခံရတာပဲ။
ဟန်ကိုယ့်ဖို့ မထားတတ်ဘူးလား။

ကိုယ့်ကို ကြည့်ပါ
အတွင်းလှိုက်စားနေလည်း
အပြင်မှာပြုံးလို့ ရယ်လို့။         ။

                                  —စိုင်းဝင်းမြင့်—

ကိုယ်နေတဲ့ခေတ်ကြီးထဲ _____




ကိုယ်နေတဲ့ခေတ်ကြီးထဲ
_____

အလွမ်းကို
ပန်းနဲ့ထွန်းရှာလို့ ရပါ့မလား

စစ်တော့လာမတိုက်နဲ့
မိုက်ရင်ကဗျာရေး

ပန်ကာကလာတဲ့လေကို
မြောက်ပြန်လေကလည်း မကယ်နိုင်သေးဘူး

အချစ်ကို မြစ်လိုငေးမောတယ်
သူကြွေ ကိုယ်ကြွေပဲ ။

#အောင်ခိုင်မြတ်

လူငယ်လေးတစ်ဦး


လူငယ်လေးတစ်ဦး

စာအုပ်တွေခိုးဖတ်
မွန်ထရီစီးကရက်တွေခိုးသောက်
ဂီတာကိုခိုးတီး
ကဗျာကိုခိုးရေး
နှင်းသီတာကိုခိုးငေးခဲ့ရတဲ့နေ့များ

လက်ဖက်ရည်ဆိုင်တွေခိုးထိုင်
ကြယ်တံခွန်အချစ်ကလေးရေ 
ပြန်ဆုံရာလမ်းဝေးနေ 
ကြိတ်ဆွေးခဲ့တဲ့နေ့များ

ထန်းရည်တွေခိုးသောက်
ပန်းချီတွေခိုးဆွဲ
တက်တူးတွေခိုးထိုး
ငြီးငွေ့ဖွယ်စာသင်ခန်းတွေက 
ဘယ်လိုမှမစွဲဆောင်နိုင်ခဲ့တဲ့နေ့များ

 `ခင်ဗျားတို့ထပ်ပြီးဆူဆူပူပူလုပ်ဦးမယ်ဆိုရင်တော့
စစ်တပ်ဆိုတာဘယ်တော့မှ
မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး´
ရက်စက်လှတဲ့ဦးနေဝင်းရဲ့နောက်ဆုံးမိန့်ခွန်းနဲ့
ညစ်တွန်းတွန်းနေတဲ့ ပြည်သူတွေကြား
ဘောင်းဘီထဲလက်နှိုက်ပြီး
ပလက်ဖောင်းဘေးက 
လျှောက်သွားခဲ့ရတဲ့နေ့များ

နေပူသလိုအသည်းပူတယ် 
ဘာကြောင့်လဲသိရဲ့လား
အော်ဟစ်ခဲ့တဲ့နေ့များ

မွေးရပ်မြေက တရွေ့ရွေ့
မှောင်မည်းခြောက်ကပ်လာ
စစ်အစိုးရထပ်ရောက်လာချိန်
လူငယ်ဘဝအကောင်းဆုံးအရွယ်တိုင်း
သွေးထွက်အများဆုံးနေ့များ

စာအုပ်တစ်အုပ်နဲ့
လက်ဖက်ရည်တစ်ခွက်နဲ့ ရင်ထဲမှာမီးများတောက်
စောင့်ရတာဝေးလွန်းလို့
ငါမင်းဆီအပြေးလာခဲ့တဲ့နေ့များ

ရေဒီယိုနားထောင်ရင်နိုင်ငံရေးသမားပဲလို့
စောင့်ကြည့်ခံရတဲ့ခေတ်မှာ
နှလုံးသားအိမ်မှာပူတယ် 
ဆောင်းနှင်းမြူအေးတယ်
အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်
ချိုပါတယ်ခဲ့ရတဲ့နေ့များ

လူငယ်ဟာလူငယ် မော်တော်ယာဉ်ဖန်ဆင်းခဲ့တယ်
မော်တော်ယာဉ်ကျော်ကာ 
လေယာဉ်ပျံတီထွင်သွားကြတယ်
လမ်းထိပ်အုတ်ခုံပေါ်ထိုင်ပြီး 
အားတင်းအော်ဆိုခဲ့ကြတဲ့နေ့များ

ကိုယ့်ကိုပျော်ရွှင်ယဉ်ကျေးအောင်
မထိန်းကျောင်းနိုင်တဲ့ကျောင်းတွေကို
စိတ်ပျက်မိတဲ့အချိန်တိုင်း
အသိုက်လည်းမရှိဘူး ကူးချင်ရာကိုကူး
သွားချင်ရာကိုသွား လွတ်လပ်ခဲ့ကြတဲ့နေ့များ

တစ်နေ့ပြီးတစ်နေ့
ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ
အံတွေကြိတ်ပြီး သူပုန်စိတ်မွေးခဲ့ရတဲ့နေ့များ

ငါတို့မျှော်လင့်ချက်တွေကို
သေနတ်အလက်ပေါင်းများစွာနဲ့
ဝိုင်းချိန်ထားတဲ့ခေတ်မှာ
ငါတို့တတွေ
ကဗျာတွေသီချင်းတွေနဲ့တော်လှန်ရေးခဲ့ကြ
မြင်နိုင်ရင်လေ ကိုယ့်ရင်ထဲ
တားဆီးကြည့်မနေနဲ့
မြေအောက်နည်းလမ်းနဲ့ 
ကြံဖန်အသည်းကွဲရတဲ့နေ့များ

စာဖတ်တဲ့လူငယ်ဟာ ရန်ရှာခံခဲ့ရတယ်
လူငယ်တစ်ယောက်ဟာ
အာဏာရှင်ကိုမကျေနပ်လို့ 
ရတဲ့နည်းနဲ့ပေါက်ကွဲပြီးရင်
ပြေးပေါက်တွေရှာထားရ
သယ်ဆောင်ရာအိတ်လည်းပြင် ယာဉ်မြန်ကိုစီး
ခရီးထွက်ဖို့ဒို့လာနေပြီလေသီချင်းကိုအော်ဆိုရင်း
အိမ်ပြေးဖြစ်ခဲ့တဲ့နေ့များ

ဒီမိုကရေစီရမှ
ဆံပင်တွေညှပ်ပစ်မယ်
ငါတို့မတိုင်ပင်ထားပဲ
တပြိုင်တည်းဆံပင်ရှည်ရှည်
လူငယ်တွေရဲ့နေ့များ

ဟုတ်ပါတယ် ဟုတ်ခဲ့ပါတယ်
လူငယ်ဘဝရဲ့ကြွေရွက်ဝါနေ့များ

သြော်
လူငယ်လေးတစ်ဦး
လူငယ်လေးတစ်ဦးတွေ
ငါတို့လူငယ်လေးတစ်ဦးတွေ။

-အောင်ခိုင်မြတ်

Collage By Poemency
ဆေးရုံလည်း 
ဆွေးရုံပဲ

ဝါးလုံးခေါင်းထဲ
 နေပူနေတယ်

လူတွေဟာ 
ဖယောင်းတိုင်လို ပျော်လို့

ရဲတွေက ဘာလို့သေနတ်တွေကိုင်ပြီး
လမ်းပေါ်မှာ ရပ်နေကြတာလဲ

လူပဲသွေးလိုမယ်ထင်ခဲ့တာ
တိုင်းပြည်တစ်ပြည်ဟာ သွေးလိုနေပြီ

ငါ့ကောင်မလေးက ငါ့ကိုချစ်သလို
အာဏာရှင်တွေက တိုင်းပြည်ကိုချစ်ရင်
သိပ်ကောင်းမှာပဲ

အပျော်တမ်းမှ မဟုတ်တာ
မပျော်လည်း တမ်းတတယ်

#အောင်ခိုင်မြတ်

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...